အင်္ဂုတ္တရနိကာယ်

၄-စက္ကဝဂ်

၃-သီဟသုတ်

၃၃။ ရဟန်းတို့ သားတို့သနင်း ခြင်္သေ့မင်းသည် ညနေချမ်းအခါ နေရာမှ ထွက်၍ ကွန့်မြူးလျက် ပတ်ဝန်းကျင် အရပ်လေးမျက်တို့ကို စောင်းငဲ့ကြည့်ရှုပြီးနောက် သုံးကြိမ်ဟောက်လျက် ကျက်စားရန် ထွက်သွား၏။ ရဟန်းတို့ သားတို့သနင်း ခြင်္သေ့မင်း၏ ဟောက်သံကို ကြားကုန်သော တိရစ္ဆာန် သတ္တဝါတို့သည် များသောအားဖြင့် ကြောက်ခြင်း ထိတ်ခြင်း လန့်ခြင်းသို့ ရောက်ကြကုန်၏၊ တွင်းနေ သတ္တဝါတို့သည် တွင်းသို့ ဝင်ကုန်၏၊ ရေနေသတ္တဝါတို့သည် ရေသို့ ငုပ်ကုန်၏၊ တောနေသတ္တဝါတို့သည် တောသို့ ဝင်ကုန်၏၊ ငှက်တို့သည် ကောင်းကင်သို့ ပျံတက်ကုန်၏၊ ရဟန်းတို့ ရွာ နိဂုံး မင်းနေပြည်တို့၌ ခိုင်ခံ့သော သားရေနှောင်ကြိုးတို့ဖြင့် ဖွဲ့ချည်ထားကုန်သော မင်းစီးဆင်တို့သည်လည်း ထို နှောင်ကြိုးတို့ကို ဖြတ်တောက် ဖောက်ခွဲလျက် ကြောက်ရွံ့ကုန်သည် ဖြစ်၍ ကျင်ကြီး ကျင်ငယ်ကို စွန့်ပြီးလျှင် အမှတ်မရှိ ရှေးရှုမိရာအရပ်သို့ ပြေးသွားကြကုန်၏။ ရဟန်းတို့ သားတို့သနင်း ခြင်္သေ့မင်းသည် တိရစ္ဆာန်သတ္တဝါ တို့ထက် ဤသို့ပင် တန်ခိုးကြီး၏၊ ဤသို့ပင် အစိုးရ၏၊ ဤသို့ပင် ကြီးသော အာနုဘော်ရှိ၏။

ရဟန်းတို့ ဤအတူသာလျှင် အကြင် အခါ လောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော၊ (အလုံးစုံ သော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူ သော၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော၊ လောကကို သိတော်မူသော၊ ဆုံးမထိုက်သူကို ဆုံးမ တတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော၊ (သစ္စာလေးပါးတရား တို့ကို) သိစေတော်မူသော၊ ဘုန်းတန်ခိုးကြီးတော်မူသော မြတ်စွာဘုရားသည် ပွင့်တော်မူ၏၊ ထို မြတ်စွာဘုရားသည် “ဤတရားကား အထင်အရှားရှိသော ခန္ဓာငါးပါးအပေါင်း ‘သက္ကာယ’တည်း၊ ဤတရားကား သက္ကာယ၏ အကြောင်းတည်း၊ ဤတရားကား သက္ကာယ၏ ချုပ်ရာတည်း၊ ဤတရားကား သက္ကာယ ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်တည်း”ဟုတရားကို ဟောတော်မူ၏။ ရဟန်းတို့ အသက်ရှည် ကုန်သော အဆင်းလှကုန်သော ချမ်းသာခြင်းများကုန်သော မြင့်မားသည့် ဘုံဗိမာန်တို့၌ ကြာမြင့်စွာ တည်ခြင်းရှိကုန်သော နတ် ဗြဟ္မာတို့သော်မှလည်း မြတ်စွာဘုရား၏တရားတော်ကို ကြားနာကြရ၍ များသောအားဖြင့် ကြောက်ခြင်း ထိတ်ခြင်း လန့်ခြင်းသို့ ရောက်ကုန်၏။ အချင်းတို့ ငါတို့သည် စင်စစ် မမြဲသည် ဖြစ်ကုန်လျက် “မြဲ၏”ဟူ၍့အောက်မေ့မိကုန်၏၊ အချင်းတို့ ငါတို့သည် စင်စစ် မခိုင်သည် ဖြစ်ကုန်လျက် “ခိုင်ကုန်၏”ဟူ၍ အောက်မေ့မိကုန်၏၊ အချင်းတို့ ငါတို့သည် စင်စစ် အမြဲ မတည်ကုန် လျက် “အမြဲတည်ကုန်၏”ဟူ၍ အောက်မေ့မိကုန်၏။ အချင်းတို့ ငါတို့သည်ကား မမြဲကုန်၊ မခိုင်ကုန်၊ အမြဲမတည်ကုန်၊ သက္ကာယ၌ အကျွမ်းဝင်ကုန်သတတ်ဟု ကြောက်ခြင်း ထိတ်ခြင်း လန့်ခြင်းသို့ ရောက် ကုန်၏။ ရဟန်းတို့ မြတ်စွာဘုရားသည် နတ်နှင့်တကွသော လောကထက် ဤသို့ပင် ကြီးသော တန်ခိုး ရှိ၏၊ ဤသို့ပင် ကြီးသော အစိုးရခြင်းရှိ၏၊ ဤသို့ပင် ကြီးသော အာနုဘော်ရှိ၏ဟု (မိန့်တော်မူ၏)။

အကြင် အခါ (နတ်လူတို့) ဆရာဖြစ်သော ပြိုင်ဘက်ကင်းသော မြတ်စွာဘုရားသည် (ခန္ဓာငါးပါး)ဟူသော သက္ကာယကိုလည်းကောင်း၊ သက္ကာယ၏ ချုပ်ရာ နိဗ္ဗာန်ကိုလည်းကောင်း၊ သက္ကာယ၏ ဖြစ်ကြောင်းကိုလည်းကောင်း၊ ဒုက္ခချုပ်ရာ နိဗ္ဗာန်ရောက်ကြောင်း ဖြစ်သော အင်္ဂါရှစ်ပါးရှိသော အရိယမဂ်ကိုလည်းကောင်း ထူးသောဉာဏ်ဖြင့် သိတော်မူ၍ နတ်နှင့်တကွသော လူအပေါင်းအားတရားစကြာကို လည်စေတော်မူ၏။ (ထိုအခါ) အသက်ရှည်၍ အဆင်းလှကုန်သော အခြံအရံများကုန်သော နတ် ဗြဟ္မာကြီးတို့သော်မှလည်း ခြင်္သေ့မင်းအား ကြောက်ရွံ့ကုန်သော တစ်ပါးသော သတ္တဝါတို့ကဲ့သို့၊ ကိလေသာမှ လွတ်၍ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော၊ ပူဇော် အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား၏ စကားတော်ကို ကြားနာရ၍ အချင်းတို့ ငါတို့သည် သက္ကာယ ‘ခန္ဓာငါးပါးအပေါင်း’ကို မလွန်နိုင်ကုန်သည်ဖြစ်၍ အမြဲ မရှိကုန်သတတ်ဟု ထိတ်လန့်ခြင်းသို့ ရောက်ကုန်၏။

တတိယသုတ်။