အင်္ဂုတ္တရနိကာယ်

၅-ရောဟိတဿဝဂ်

၅-ရောဟိတဿသုတ်

၄၅။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ရောဟိတဿနတ်သားသည် ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည် ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို (ကိုယ်ရောင် ကိုယ်ဝါဖြင့်) ထွန်းလင်းစေလျက် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ရပ်တည်လျက် အသျှင်ဘုရား ပဋိသန္ဓေမနေရာ မအိုရာ မသေရာ မရွေ့ လျောရာ တစ်ဖန်မဖြစ်ရာသော လောက၏ အဆုံးကို (ခြေဖြင့်) သွားခြင်းဖြင့် သိရန် မြင်ရန် ရောက်ရန် တတ်ကောင်းပါသလောဟု လျှောက်၏။ ဒါယကာ နတ်သား ပဋိသန္ဓေမနေရာ မအိုရာ မသေရာ မရွေ့ လျောရာ တစ်ဖန် မဖြစ်ရာသော လောက၏ အဆုံးကို (ခြေ ဖြင့်) သွားခြင်းဖြင့် “သိအပ် မြင်အပ် ရောက် အပ်၏”ဟု ငါမဆိုဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား အံ့ဖွယ်ရှိပါပေစွ၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ဘုရား မြတ်စွာဘုရားသည် “ဒါယကာ ပဋိသန္ဓေမနေရာ မအိုရာ မသေရာ မရွေ့လျောရာ တစ်ဖန် မဖြစ်ရာသော လောက၏ အဆုံးကို (ခြေဖြင့်) သွားခြင်းဖြင့် ‘သိအပ် မြင်အပ် ရောက်အပ်၏’ဟု ငါမဆို”ဟူ၍ ဤစကားကို အလွန်လျှင် ကောင်းစွာ ဟောအပ်ပါ၏။

အသျှင်ဘုရား ရှေး၌ ဖြစ်ဖူးသည်ကား အကျွန်ုပ်သည် တန်ခိုးနှင့် ပြည့်စုံ၍ ကောင်းကင်သို့ ပျံတက် သွားလာနိုင်သော မုဆိုး၏သား ရောဟိတဿမည်သော ရသေ့ဖြစ်ခဲ့ဖူးပါသည်။ အသျှင်ဘုရား ထို တပည့် တော်၏ လျင်မြန်ပုံမှာ ဤသို့သဘောရှိခဲ့ပါသည်၊ (လေးအတတ်ကို) သင်ကြားပြီး၍ လေးအတတ်၌ လက်ကျင့်ရပြီးသော မင်းအိမ်၌ လေးအတတ်ကို ပြပြီးသော မြဲမြံခိုင်ခံ့သော လေးရှိသော လေးဆရာသည် ခဲယဉ်းမှုမရှိသော ပေါ့ပါးသော မြားဖြင့် ထန်းပင်ရိပ်ကို ဖီလာကန့်လန့်လွန်စေသည့် ကာလနှင့်အမျှ တစ်ခုသော စကြဝဠာကို လွန်စေနိုင်သည့် သဘောရှိသော လျင်မြန်ခြင်းရှိခဲ့ပါသည်။ ဤသို့သဘောရှိသော ခြေလှမ်းဖြစ်ခဲ့ဖူးပါသည်၊ အရှေ့သမုဒ္ဒရာမှ အနောက်သမုဒ္ဒရာကို လွန်စေနိုင်သော သဘောရှိသော ဝေးကွာ သော သဘောရှိသော ခြေလှမ်းရှိခဲ့ဖူးပါသည်။ အသျှင်ဘုရား ဤသို့သဘောရှိသော လျင်မြန်ခြင်းနှင့် ပြည့်စုံသော၊ ဤသို့သဘောရှိသော ခြေလှမ်းနှင့် ပြည့်စုံသော ထို အကျွန်ုပ်အား “ငါသည် (ခြေဖြင့်) သွားခြင်းဖြင့် လောက၏ အဆုံးသို့ ရောက်ရမည်ဟု ဤသို့ သဘောရှိသော စိတ်အလိုဖြစ်ခဲ့ဖူးပါသည်။ အသျှင်ဘုရား အနှစ်တစ်ရာ အသက်ကြွင်းရှိသေးသော ထို အကျွန်ုပ်သည် အနှစ်တစ်ရာ အသက်ရှင်လျက် စားချိန် သောက်ချိန် ခဲချိန် လျက်ချိန်မှတစ်ပါး ကျင်ကြီးကျင်ငယ် စွန့်မှု၊ အိပ်စက်မှု၊ အပန်းဖြေ နား နေမှုမှတစ်ပါး အနှစ်တစ်ရာပတ်လုံးကို သွားခဲ့ရာ လောကအဆုံးကို မရောက်ဘဲ စကြဝဠာအကြား၌ သာလျှင် သေရပါသည်။

အသျှင်ဘုရား အံ့ဖွယ်ရှိပါပေစွ၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ဘုရား မြတ်စွာဘုရားသည် “ဒါယကာ နတ်သား ပဋိသန္ဓေမနေရာ မအိုရာ မသေရာ မရွေ့လျောရာ တစ်ဖန် မဖြစ်ရာသော လောက၏ အဆုံးကို့ (ခြေဖြင့်) သွားခြင်းဖြင့် ‘သိအပ် မြင်အပ် ရောက်အပ်၏’ဟု ငါမဆို”ဟူ၍ ဤစကားကို အလွန်လျှင် ကောင်းစွာ ဟောတော်မူအပ်ပါပေ၏ဟု (လျှောက်၏)။

“ဒါယကာနတ်သား ပဋိသန္ဓေမနေရာ မအိုရာ မသေရာ မရွေ့လျောရာ တစ်ဖန် မဖြစ်ရာသော လောက၏ အဆုံးကို (ခြေဖြင့်) သွားခြင်းဖြင့် ‘သိအပ် မြင်အပ် ရောက်အပ်၏’ဟူ၍ ငါမဆို၊ ဒါယကာ နတ်သား လောက၏ အဆုံး (နိဗ္ဗာန်) သို့ မရောက်ဘဲ ဝဋ်ဆင်းရဲ၏ အဆုံးပြုခြင်းကိုလည်း ငါမဆို၊ ဒါယကာနတ်သား စင်စစ်အားဖြင့် သညာလည်းရှိ, စိတ်လည်းရှိသော၊ တစ်လံမျှလောက် သော ဤခန္ဓာ ကိုယ်၌သာလျှင် လောကကိုလည်းကောင်း၊ လောက၏ ဖြစ်ပေါ်ကြောင်းကိုလည်းကောင်း၊ လောက၏ချုပ်ရာ (နိဗ္ဗာန်) ကိုလည်းကောင်း၊ လောက၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ကိုလည်းကောင်း ငါပညတ်၏”ဟု (မိန့်တော်မူ၏)။

လောက၏ အဆုံး (နိဗ္ဗာန်) သို့ (ခြေ ဖြင့်) သွားခြင်းဖြင့် တစ်ရံတစ်ဆစ်မျှ မရောက်နိုင်၊ လောက၏ အဆုံး (နိဗ္ဗာန်) သို့ မရောက်ဘဲ ဝဋ်ဆင်းရဲမှ လွတ် မြောက်ခြင်းမည်သည်လည်း မရှိပေ။ ထို့ကြောင့် စင်စစ်အားဖြင့် လောကကို သိပြီးသော၊ လောက၏ အဆုံး (နိဗ္ဗာန်)သို့ ရောက်သော၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးသော၊ (မကောင်းမှုမှ) ငြိမ်း ပြီးသော၊ ကောင်းသော ပညာရှိသူသည် လောက၏ အဆုံးကို သိ၍ ဤ(ပစ္စုပ္ပန်) လောကကိုလည်းကောင်း၊ တမလွန် (လောက) ကိုလည်းကောင်း မတောင့်တတော့ ချေ။

ပဉ္စမသုတ်။