အင်္ဂုတ္တရနိကာယ်
၅-ရောဟိတဿဝဂ်
၆-ဒုတိယ ရောဟိတဿသုတ်
၄၆။ ထို့နောက် မြတ်စွာဘုရားသည် ထို ညဉ့်လွန်မြောက်သဖြင့် ရဟန်းတို့ကို မိန့်တော်မူ၏။ “ရဟန်းတို့ ဤညဉ့်၌ ရောဟိတဿနတ်သားသည် ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ဇေတဝန်တစ်ကျောင်လုံးကို (ကိုယ်ရောင် ကိုယ်ဝါဖြင့်) ထွန်းလင်းစေလျက် ငါ့ထံသို့ ချဉ်းကပ်ပြီးလျှင် ငါ့ကို ရှိခိုး၍ တစ်ခုသော နေရာ၌ ရပ်တည်လျက် အသျှင် ဘုရား ပဋိသန္ဓေမနေရာ မအိုရာ မသေရာ မရွေ့လျောရာ တစ်ဖန် မဖြစ်ရာသော လောက၏ အဆုံးကို (ခြေဖြင့်) သွားခြင်းဖြင့် သိရန်၊ မြင်ရန်၊ ရောက်ရန် တတ်ကောင်းပါသလောဟု လျှောက်၏။ ရဟန်းတို့ ဤသို့လျှောက်သော် ရောဟိတဿနတ်သားအား ဒါယကာ နတ်သား ပဋိသန္ဓေမနေရာ မအိုရာ မသေရာ မရွေ့လျောရာ တစ်ဖန် မဖြစ်ရာသော လောက၏ အဆုံးကို (ခြေဖြင့်) သွားခြင်းဖြင့် “သိအပ် မြင်အပ် ရောက်အပ်၏”ဟူ၍ ငါမဆိုဟု (ဆိုခဲ့၏)။
ရဟန်းတို့ ဤသို့ ဆိုသည်ရှိသော် ရောဟိတဿနတ်သားသည် ငါ့အား ဤစကားကို လျှောက် ပြန်၏၊ အသျှင်ဘုရား အံ့ဖွယ်ရှိပါပေစွ၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ဘုရား မြတ်စွာဘုရားသည် “ဒါယကာ နတ်သား ပဋိသန္ဓေမနေရာ မအိုရာ မသေရာ မရွေ့လျောရာ တစ်ဖန် မဖြစ်ရာသော လောက၏ အဆုံးကို (ခြေဖြင့်) သွားခြင်းဖြင့် ‘သိအပ် မြင်အပ် ရောက်အပ်၏’ဟု ငါမဆို”ဟူ၍ ဤစကားကို အလွန်လျှင် ကောင်းစွာ ဟောအပ်ပါ၏။ အသျှင်ဘုရား ရှေး၌ ဖြစ်ဖူးသည်ကား အကျွန်ုပ်သည် တန်ခိုးနှင့် ပြည့်စုံ၍ ကောင်းကင်သို့ ပျံတက်သွားလာနိုင်သော မုဆိုး၏သား ရောဟိတဿမည်သော ရသေ့ဖြစ်ခဲ့ဖူး ပါသည်။ အသျှင်ဘုရား ထို တပည့်တော်၏ လျင်မြန်ပုံမှာ ဤသို့ သဘောရှိခဲ့ပါသည်၊ လေးအတတ်ကို သင်ကြားပြီး၍ လေးအတတ်၌ လက်ကျင့်ရပြီးသော မင်းအိမ်၌ လေးအတတ်ကို ပြပြီးသော မြဲမြံခိုင်ခံ့သော လေးရှိသော လေးဆရာသည် ခဲယဉ်းမှုမရှိသော ပေါ့ပါးသော မြားဖြင့် ထန်းပင်ရိပ်ကို ဖီလာကန့်လန့် လွန်စေသည့် ကာလနှင့်အမျှ တစ်ခုသော စကြဝဠာကို လွန်စေနိုင်သည့် သဘောရှိသော လျင်မြန်ခြင်း ရှိခဲ့ပါသည်။ ဤသို့ သဘောရှိသော ခြေလှမ်းဖြစ်ခဲ့ဖူးပါသည်၊ အရှေ့သမုဒ္ဒရာမှ အနောက်သမုဒ္ဒရာကို့လွန်စေနိုင်သော သဘောရှိသော ဝေးကွာသော ခြေလှမ်း ရှိခဲ့ဖူးပါသည်။ အသျှင်ဘုရား ဤသို့ သဘောရှိ သော လျင်မြန်ခြင်းနှင့် ပြည့်စုံသော၊ ဤသို့ သဘောရှိသော ခြေလှမ်းနှင့် ပြည့်စုံသော ထို အကျွန်ုပ်အား “ငါသည် ခြေဖြင့် သွားခြင်းဖြင့် လောက၏ အဆုံးသို့ ရောက်ရမည်”ဟု ဤသို့ သဘောရှိသော စိတ် အလို ဖြစ်ခဲ့ဖူးပါသည်။ အသျှင်ဘုရား အနှစ်တစ်ရာ အသက်ကြွင်းရှိသေးသော ထို အကျွန်ုပ်သည် အနှစ်တစ်ရာ အသက်ရှင်လျက် စားချိန် သောက်ချိန် ခဲချိန် လျက်ချိန်မှတစ်ပါး ကျင်ကြီး ကျင်ငယ် စွန့်မှု၊ အိပ်စက်မှု၊ အပန်းဖြေ နားနေမှုမှ တစ်ပါး အနှစ်တစ်ရာပတ်လုံး သွားခဲ့ရာ လောက၏အဆုံးကို မရောက်ဘဲ စကြဝဠာအကြား၌သာလျှင် သေရပါသည်။
အသျှင်ဘုရား အံ့ဖွယ်ရှိပါပေစွ၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ဘုရား မြတ်စွာဘုရားသည် “ဒါယကာ နတ်သား ပဋိသန္ဓေမနေရာ မအိုရာ မသေရာ မရွေ့လျောရာ တစ်ဖန် မဖြစ်ရာသော လောက၏ အဆုံးကို (ခြေဖြင့်) သွားခြင်းဖြင့် ‘သိအပ် မြင်အပ် ရောက်အပ်၏’ဟု ငါမဆို”ဟူ၍ ဤစကားကို ကောင်းစွာ ဟောတော်မူအပ်ပါ၏ဟု (လျှောက်၏)။ ရဟန်းတို့ ဤသို့ လျှောက်သော် ငါသည် ရောဟိတဿ နတ်သားအား—
“ဒါယကာ နတ်သား ပဋိသန္ဓေမနေရာ မအိုရာ မသေရာ မရွေ့လျောရာ တစ်ဖန် မဖြစ်ရာသော လောက၏ အဆုံး (နိဗ္ဗာန်) ကို (ခြေဖြင့်) သွားခြင်းဖြင့် ‘သိအပ် မြင်အပ် ရောက်အပ်၏’ဟူ၍ ငါမဆို။ ဒါယကာနတ်သား လောက၏ အဆုံး (နိဗ္ဗာန်)သို့ မရောက်ဘဲ ဝဋ်ဆင်းရဲ၏ အဆုံးပြုခြင်းကိုလည်း ငါ မဆို။ ဒါယကာနတ်သား စင်စစ်အားဖြင့် သညာလည်းရှိ စိတ်လည်းရှိသော၊ တစ်လံမျှ လောက်သော ဤခန္ဓာကိုယ်၌သာလျှင် လောကကိုလည်းကောင်း၊ လောက၏ ဖြစ်ပေါ်ကြောင်းကိုလည်းကောင်း၊ လောက၏ ချုပ်ရာ (နိဗ္ဗာန်) ကိုလည်းကောင်း၊ လောက၏ ချုပ်ရာ (နိဗ္ဗာန်)သို့ရောက်ကြောင်း အကျင့်ကိုလည်းကောင်း ငါပညတ်၏၊ ဤသို့ ဆိုခဲ့၏ဟု (မိန့်တော်မူ၏)။
လောက၏ အဆုံး (နိဗ္ဗာန်) သို့ (ခြေ ဖြင့်) သွားခြင်းဖြင့် တစ်ရံတစ်ဆစ်မျှ မရောက်နိုင်၊ လောက၏ အဆုံး (နိဗ္ဗာန်) သို့ မရောက်ဘဲ ဝဋ်ဆင်းရဲမှ လွတ်မြောက်ခြင်းမည်သည်လည်း မရှိပေ။ ထို့ကြောင့် စင်စစ်အားဖြင့် လောကကို သိပြီးသော၊ လောက၏ အဆုံး (နိဗ္ဗာန်) သို့ ရောက်သော၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးသော၊ မကောင်းမှုမှ ငြိမ်းပြီးသော၊ ကောင်းသော ပညာရှိသည် လောက၏ အဆုံးကို သိ၍ ဤ(ပစ္စုပ္ပန်) လောကကိုလည်းကောင်း၊ တမလွန် (လောက) ကိုလည်းကောင်း မတောင့်တတော့ ချေ။
ဆဋ္ဌသုတ်။