အင်္ဂုတ္တရနိကာယ်

(၆) ၁-ပုညာဘိသန္ဒဝဂ်

၃-ပဌမ သံဝါသသုတ်

၅၃။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် မဓုရမြို့နှင့် ဝေရဉ္ဇာပြည်အကြား ခရီးရှည် ကြွတော်မူ၏၊ များစွာသော သူကြွယ်သူကြွယ်မတို့သည်လည်း မဓုရမြို့နှင့် ဝေရဉ္ဇာပြည်အကြား ခရီးရှည် သွားကြ ကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ခရီးလမ်းမှ ဖဲခွါ၍ တစ်ခုသော သစ်ပင်ရင်း၌ ထိုင်နေတော်မူ၏၊ သူကြွယ်တို့နှင့် သူကြွယ်မတို့သည်လည်း တစ်ခုသော သစ်ပင်ရင်းဝယ် ထိုင်နေတော်မူသော မြတ်စွာဘုရားကို မြင်၍ ချဉ်းကပ်ကြပြီးလျှင် ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်ကြကုန်၏၊ တစ်ခုသော နေရာ၌ ထိုင်နေကြကုန်သော ထိုသူကြွယ်သူကြွယ်မတို့အား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—

ဒါယကာတို့ အတူနေခြင်းတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးနည်းဟူမူ— သူသေ လင်သည် သူသေမယားနှင့်အတူ ပေါင်းသင်းနေ၏၊ သူသေလင်သည် နတ်သမီးမယားနှင့်အတူ ပေါင်းသင်း နေ၏၊ နတ်သားလင်သည် သူသေမယားနှင့်အတူ ပေါင်းသင်းနေ၏၊ နတ်သားလင်သည် နတ်သမီး မယားနှင့်အတူ ပေါင်းသင်းနေ၏။

သူကြွယ်တို့ အဘယ်သို့လျှင် သူသေလင်သည် သူသေမယားနှင့်အတူ ပေါင်းသင်းနေသနည်း၊ ဒါယကာတို့ ဤလောက၌ လင်သည် သူ့အသက်ကို သတ်လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏၊ ကာမဂုဏ် တို့၌ မှားသောအားဖြင့် ကျင့်လေ့ရှိ၏၊ မဟုတ်မမှန်သော စကားကို ပြောဆိုလေ့ရှိ၏၊ သေအရက်ကို သောက်လေ့ရှိ၏၊ သီလမရှိ၊ ယုတ်ညံ့သော သဘောရှိ၏၊ ဝန်တိုခြင်းအညစ်အကြေး နှိပ်စက်သော စိတ်ဖြင့် အိမ်၌ နေ၏၊ သမဏဗြာဟ္မဏတို့ကို ဆဲရေးခြိမ်းခြောက်တတ်၏။ ထို လင်၏ မယားသည်လည်း သူ့အသက်ကို သတ်လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏၊ ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်လေ့ရှိ၏၊ မဟုတ်မမှန်သော စကားကို ပြောလေ့ရှိ၏၊ သေအရက်ကို သောက်လေ့ရှိ၏၊ သီလမရှိ၊ ယုတ်မာသော သဘောရှိ၏၊ ဝန်တိုခြင်း အညစ်အကြေး နှိပ်စက်သော စိတ်ဖြင့် အိမ်၌ နေ၏၊ သမဏဗြာဟ္မဏတို့ကို ဆဲရေးခြိမ်းခြောက်တတ်၏။ ဒါယကာတို့ ဤသို့လျှင် သူသေလင်သည် သူသေမယားနှင့်အတူ ပေါင်းသင်း နေ၏။

ဒါယကာတို့ အဘယ်သို့လျှင် သူသေလင်သည် နတ်သမီးမယားနှင့် အတူ ပေါင်းသင်းနေသနည်း၊ ဒါယကာတို့ ဤလောက၌ လင်သည် သူ့အသက်ကို သတ်လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏၊ ကာမ ဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်လေ့ရှိ၏၊ မဟုတ်မမှန်သော စကားကို ပြောဆိုလေ့ရှိ၏၊ သေအရက်ကို သောက်လေ့ရှိ၏၊ သီလမရှိ၊ ယုတ်မာသော သဘောရှိ၏၊ ဝန်တိုခြင်းအညစ်အကြေး နှိပ်စက်သော စိတ်ဖြင့် အိမ်၌ နေ၏၊ သမဏဗြာဟ္မဏတို့ကို ဆဲရေးခြိမ်းခြောက်တတ်၏။ ထို လင်၏ မယားသည်ကား သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မဟုတ် မမှန်ပြောခြင်းမှ ရှောင်ကြဉ်၏၊ သေအရက်သောက်ခြင်းမှ ရှောင်ကြဉ်၏ သီလရှိ၏၊ ကောင်းသော သဘောရှိ၏၊ ဝန်တိုခြင်း အညစ်အကြေးကင်းသော စိတ်ဖြင့် အိမ်၌ နေ၏၊ သမဏဗြာဟ္မဏတို့ကို မဆဲရေး မခြိမ်းခြောက်တတ်။ ဒါယကာတို့ ဤသို့လျှင် သူသေလင်သည် နတ်သမီး မယားနှင့်အတူ ပေါင်းသင်းနေ၏။

ဒါယကာတို့ အဘယ်သို့လျှင် နတ်သားလင်သည် သူသေမယားနှင့်အတူ ပေါင်းသင်းနေသနည်း၊ ဒါယကာတို့ ဤလောက၌ လင်သည် သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မဟုတ်မမှန်ပြောခြင်းမှ ရှောင်ကြဉ်၏၊ သေအရက်သောက်ခြင်းမှ ရှောင်ကြဉ်၏၊ သီလရှိ၏၊ ကောင်းသော သဘောရှိ၏၊ ဝန်တိုခြင်း အညစ်အကြေးကင်းသော စိတ်ဖြင့် အိမ်၌ နေ၏၊ သမဏဗြာဟ္မဏတို့ကို မဆဲရေး မခြိမ်းခြောက်တတ်။ ထို လင်၏ မယားသည်ကား သူ့ အသက်ကို သတ်လေ့ရှိ၏။ပ။ သေအရက်ကို သောက်လေ့ရှိ၏၊ သီလမရှိ၊ ယုတ်မာသောသဘောရှိ၏၊ ဝန်တိုခြင်း အညစ်အကြေး နှိပ်စက်သော စိတ်ဖြင့် အိမ်၌ နေ၏၊ သမဏ ဗြာဟ္မဏတို့ကို ဆဲရေးခြိမ်းခြောက်တတ်၏။ ဒါယကာတို့ ဤသို့လျှင် နတ်သားလင်သည် သူသေမယားနှင့် အတူ ပေါင်းသင်းနေ၏။

ဒါယကာတို့ အဘယ်သို့လျှင် နတ်သားလင်သည် နတ်သမီးမယားနှင့်အတူ ပေါင်းသင်းနေသနည်း၊ ဒါယကာတို့ ဤလောက၌ လင်သည် သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏။ပ။ သီလရှိ၏၊ ကောင်းသော သဘောရှိ၏၊ ဝန်တိုခြင်း အညစ်အကြေးကင်းသော စိတ်ဖြင့် အိမ်၌ နေ၏၊ သမဏဗြာဟ္မဏတို့ကို မဆဲရေး မခြိမ်းခြောက်တတ်။ ထို လင်၏ မယားသည်လည်း သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်၏။ပ။ သေအရက် သောက်ခြင်းမှ ရှောင်ကြဉ်၏၊ သီလရှိ၏၊ ကောင်းသော သဘောရှိ၏၊ ဝန်တိုခြင်း အညစ် အကြေးကင်းသော စိတ်ဖြင့် အိမ်၌ နေ၏၊ သမဏဗြာဟ္မဏတို့ကို မဆဲရေး မခြိမ်းခြောက်တတ်။ ဒါယကာတို့ ဤသို့လျှင် နတ်သားလင်သည် နတ်သမီးနှင့်တူသော မယားနှင့်အတူ ပေါင်းသင်းနေ၏။ ဒါယကာတို့ အတူနေခြင်းတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

လင်မယားနှစ်ဦးလုံးတို့ပင် သီလ မရှိကုန်၊ ဝန်တိုကုန်၏၊ မောင်းမဲ ခြိမ်းခြောက် တတ်ကုန်၏၊ ထို လင်မယားနှစ်ဦးတို့သည် သူသေအချင်းချင်း အတူနေခြင်းသို့ ရောက်ကြကုန်၏။ လင်သည် သီလမရှိ၊ ဝန်တိုတတ်၏၊ ခြိမ်းခြောက်တတ်၏၊ မယားသည်ကား သီလရှိ၏၊ အလှူခံတို့၏ စကားအဓိပ္ပါယ်ကို သိ၏၊ ဝန်တိုခြင်း ကင်း၏၊ ထို နတ် သမီးမယားသည်လည်း သူသေလင်နှင့်အတူ ပေါင်းသင်းနေသည် မည်၏။ လင်သည် သီလရှိ၏၊ အလှူခံတို့၏ စကားအဓိပ္ပါယ်ကို သိ၏၊ ဝန်တိုခြင်း ကင်း၏၊ မယားသည်ကား သီလမရှိ၊ ဝန်တိုတတ်၏၊ အလှူခံတို့၏ စကား အဓိပ္ပါယ်ကို မသိတတ်၊ ခြိမ်းခြောက်တတ်၏၊ ထိုသူသေမယားသည်လည်း နတ်သားလင်နှင့်အတူ ပေါင်းသင်းနေသည် မည်၏။ ထို လင်မယားနှစ်ဦးလုံးတို့သည်ပင် သဒ္ဓါတရားနှင့်လည်း ပြည့်စုံကုန်၏၊ အလှူခံ တို့၏ စကားအဓိပ္ပါယ်ကိုလည်း သိကြကုန်၏၊ (ကိုယ် နှုတ် နှလုံးကို) စောင့်စည်း ကြကုန်၏၊ ထို လင်မယားနှစ်ဦးတို့သည် အချင်းချင်း ချစ်ဖွယ်သော စကားကို ပြောဆိုကြကုန်လျက်တရားသဖြင့်အသက်မွေးကြကုန်၏။ တူမျှသော သီလရှိကုန်သော ထို လင်မယား နှစ်ဦးလုံးတို့အား အကျိုး စီးပွါး တို့သည် များပြားကုန်၏၊ ချမ်းသာစွာ နေရခြင်းသည်လည်း ဖြစ်၏၊ ရန်သူတို့ နှလုံးမသာဖွယ် ဖြစ်ကုန်၏။ တူမျှသော သီလအကျင့်ရှိကုန်သော လင်မယား နှစ်ဦးလုံးတို့သည် ဤလူ့ဘဝ၌တရားကို ကျင့်ကြကုန်၍ နတ်လောက၌ အလုံးစုံသော ကာမဂုဏ် အာရုံတို့ကို လိုတိုင်းရ ကုန်လျက် နှစ်နှစ်သက်သက် မွေ့လျော်ရကုန်သတည်း။

တတိယသုတ်။