အင်္ဂုတ္တရနိကာယ်
(၆) ၁-ပုညာဘိသန္ဒဝဂ်
၄-ဒုတိယ သံဝါသသုတ်
၅၄။ ရဟန်းတို့ အတူနေခြင်းတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— သူသေလင်သည် သူသေမယားနှင့်အတူ ပေါင်းသင်းနေ၏၊ သူသေလင်သည် နတ်သမီးမယားနှင့်အတူ ပေါင်းသင်းနေ၏၊ နတ်သားလင်သည် သူသေမယားနှင့်အတူ ပေါင်းသင်းနေ၏၊ နတ်သားလင်သည် နတ်သမီးမယားနှင့်အတူ ပေါင်းသင်းနေ၏။
ရဟန်းတို့ အဘယ်သို့လျှင် သူသေလင်သည် သူသေမယားနှင့်အတူ ပေါင်းသင်းနေထိုင်သနည်း၊ ရဟန်းတို့ ဤလောက၌ လင်သည် သူ့အသက်ကို သတ်လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏၊ ကာမ ဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်လေ့ရှိ၏၊ မဟုတ်မမှန်သော စကားကို ပြောလေ့ရှိ၏၊ ကုန်းစကားကို ဆိုတတ်၏၊ ကြမ်းတမ်းသော စကားကို ဆိုလေ့ရှိ၏၊ ပြိန်ဖျင်းသော စကားကို ဆိုတတ်၏၊ မက်မောခြင်း ‘အဘိဇ္ဈာ’များ၏၊ ပျက်စီးစေလိုစိတ် ရှိ၏၊ မှားသော အယူရှိ၏၊ သီလမရှိ၊ ယုတ်မာသော သဘောရှိ၏၊ ဝန်တိုခြင်း အညစ်အကြေး နှိပ်စက်သော စိတ်ဖြင့် အိမ်၌ နေ၏၊ သမဏဗြာဟ္မဏတို့ကို ဆဲရေးခြိမ်းခြောက်တတ်၏။ ထို လင်၏ မယားသည်လည်း သူ့ အသက်ကို သတ်လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏၊ ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်လေ့ရှိ၏၊ မဟုတ်မမှန်သော စကားကို ပြောဆိုလေ့ ရှိ၏၊ ကုန်းစကားကို ဆိုတတ်၏၊ ကြမ်းတမ်းသော စကားကို ဆိုလေ့ရှိ၏၊ ပြိန်ဖျင်းသော စကားကို ဆိုတတ်၏၊ မက်မောခြင်း ‘အဘိဇ္ဈာ’ များ၏၊ ပျက်စီးစေလိုစိတ် ရှိ၏၊ မှားသော အယူ ရှိ၏၊ သီလမရှိ၊ ယုတ်မာသော အကျင့် ရှိ၏၊ ဝန်တိုခြင်း အညစ်အကြေး နှိပ်စက်သော စိတ်ဖြင့် အိမ်၌ နေ၏၊ သမဏ ဗြာဟ္မဏတို့ကို ဆဲရေးခြိမ်းခြောက်တတ်၏။ ရဟန်းတို့ ဤသို့လျှင် သူသေလင်သည် သူသေမယားနှင့် အတူ ပေါင်းသင်းနေ၏။
ရဟန်းတို့ အဘယ်သို့လျှင် သူသေလင်သည် နတ်သမီးမယားနှင့်အတူ ပေါင်းသင်းနေသနည်း၊ ရဟန်းတို့ ဤလောက၌ လင်သည် သူ့အသက်ကို သတ်လေ့ရှိ၏။ပ။ မှားသော အယူရှိ၏၊ သီလမရှိ၊ ယုတ်မာသော သဘောရှိ၏၊ ဝန်တိုသော အညစ်အကြေးနှိပ်စက်သော စိတ်ဖြင့် အိမ်၌ နေ၏၊ သမဏ ဗြာဟ္မဏတို့ကို ဆဲရေးခြိမ်းခြောက်တတ်၏။ ထို လင်၏ မယားသည်ကား သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဉ်၏၊ ကုန်းစကားမှ ရှောင်ကြဉ်၏၊ ကြမ်းတမ်းသော စကားမှ ရှောင်ကြဉ်၏၊ ပြိန်ဖျင်းသော စကားမှ ရှောင်ကြဉ်၏၊ မက်မောခြင်း ‘အဘိဇ္ဈာ’ မများ၊ ပျက်စီး စေလိုစိတ်မရှိ၊ မှန်သော အယူရှိ၏၊ သီလရှိ၏၊ ကောင်းသော သဘောရှိ၏၊ ဝန်တိုခြင်း အညစ်အကြေး ကင်းသော စိတ်ဖြင့် အိမ်၌ နေ၏၊ သမဏ ဗြာဟ္မဏတို့ကို မဆဲရေး မခြိမ်းခြောက်တတ်။ ရဟန်းတို့ ဤသို့လျှင် သူသေလင်သည် နတ်သမီးမယားနှင့်အတူ ပေါင်းသင်းနေ၏။
ရဟန်းတို့ အဘယ်သို့လျှင် နတ်သားလင်သည် သူသေမယားနှင့်အတူ ပေါင်းသင်းနေသနည်း၊ ရဟန်းတို့ ဤလောက၌ လင်သည် သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မဟုတ်မမှန်ပြောခြင်းမှ ရှောင်ကြဉ်၏၊ ကုန်းစကားမှ ရှောင်ကြဉ်၏၊ ကြမ်းတမ်းသော စကားမှ ရှောင်ကြဉ်၏၊ ပြိန်ဖျင်းသော စကားမှ ရှောင်ကြဉ်၏၊ မက်မောခြင်း ‘အဘိဇ္ဈာ’ မများ၊ ပျက်စီးစေလိုစိတ် မရှိ၊ ကောင်းသော အယူ ရှိ၏၊ သီလရှိ၏၊ ကောင်းသော သဘော ရှိ၏၊ ဝန်တိုခြင်း အညစ်အကြေးကင်းသော စိတ်ဖြင့် အိမ်၌ နေ၏၊ သမဏဗြာဟ္မဏတို့ကို မဆဲရေး မခြိမ်းခြောက် တတ်။ ထို လင်၏ မယားသည်ကား သူ့အသက်ကို သတ်လေ့ရှိ၏။ပ။ မှားသော အယူရှိ၏၊ သီလမရှိ၊ ယုတ်မာသော သဘော ရှိ၏၊ ဝန်တိုခြင်း အညစ် အကြေးနှိပ်စက်သော စိတ်ဖြင့် အိမ်၌ နေ၏၊ သမဏဗြာဟ္မဏတို့ကို ဆဲရေးခြိမ်းခြောက်တတ်၏။ ရဟန်းတို့ ဤသို့လျှင် နတ်သားလင်သည် သူသေမယားနှင့်အတူ ပေါင်းသင်းနေ၏။
ရဟန်းတို့ အဘယ်သို့လျှင် နတ်သားလင်သည် နတ်သမီးမယားနှင့်အတူ ပေါင်းသင်းနေသနည်း၊ ရဟန်းတို့ ဤလောက၌ လင်သည် သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏။ပ။ မှန်သော အယူရှိ၏၊ သီလရှိ၏၊ ကောင်းသော သဘော ရှိ၏၊ ဝန်တိုခြင်း အညစ်အကြေး ကင်းသော စိတ်ဖြင့် အိမ်၌ နေ၏။ သမဏဗြာဟ္မဏတို့ကို မဆဲရေး မခြိမ်းခြောက်တတ်၊ ထို လင်၏ မယားသည်လည်း သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်၏။ပ။ မှန်သော အယူရှိ၏၊ ကောင်းသော သီလရှိ၏၊ ကောင်းသော သဘော ရှိ၏၊ ဝန်တိုခြင်း အညစ်အကြေးကင်းသော စိတ်ဖြင့် အိမ်၌ နေ၏၊ သမဏဗြာဟ္မဏတို့ကို မဆဲရေး မခြိမ်းခြောက်တတ်။ ရဟန်းတို့ ဤသို့လျှင် နတ်သားလင်သည် နတ်သမီးမယားနှင့်အတူ ပေါင်းသင်း နေသည် မည်၏၊ ရဟန်းတို့ အတူနေခြင်းတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
လင်မယားနှစ်ဦးလုံးတို့ပင် သီလမရှိကုန်၊ ဝန်တိုကုန်၏၊ မောင်းမဲ ခြိမ်းခြောက် တတ်ကုန်၏၊ ထို လင်မယားနှစ်ဦးတို့သည် သူသေအချင်းချင်း အတူနေခြင်းသို့ ရောက်ကုန်၏။ လင်သည် သီလမရှိ၊ ဝန်တိုတတ်၏၊ ခြိမ်းခြောက်တတ်၏၊ မယားသည်ကား သီလ ရှိ၏၊ အလှူခံတို့၏ စကားအဓိပ္ပါယ်ကို သိ၏၊ ဝန်တိုခြင်း ကင်း၏၊ ထို နတ် သမီးမယားသည်လည်း သူသေလင်နှင့်အတူ ပေါင်းသင်းနေသည် မည်၏။ လင်သည် သီလရှိ၏၊ အလှူခံတို့၏ စကားအဓိပ္ပါယ်ကို သိ၏၊ ဝန်တိုခြင်း ကင်း၏၊ မယားသည်ကား သီလမရှိ၊ ဝန်တိုတတ်၏၊ အလှူခံတို့၏ စကား အဓိပ္ပါယ်ကို မသိတတ်၊ ခြိမ်းခြောက်တတ်၏၊ ထိုသူသေမယားသည်လည်း နတ်သားလင်နှင့်အတူ ပေါင်းသင်းနေသည် မည်၏။ လင်မယားနှစ်ဦးလုံးတို့သည်ပင် သဒ္ဓါတရားနှင့်လည်း ပြည့်စုံကုန်၏၊ အလှူခံ တို့၏ စကားအဓိပ္ပါယ်ကိုလည်း သိကြကုန်၏၊ (ကိုယ် နှုတ် နှလုံးကို) စောင့်စည်း ကြကုန်၏၊ ထို လင်မယားနှစ်ဦးလုံးတို့သည် အချင်းချင်း ချစ်ဖွယ်သော စကားကို ပြောဆိုကြကုန်လျက်တရားသဖြင့် အသက်မွေးကြကုန်၏။ တူမျှသော သီလရှိကုန်သော ထို လင်မယား နှစ်ဦးလုံးတို့အား အကျိုးစီးပွါး တို့သည် များပြားကုန်၏၊ ချမ်းသာစွာ နေရခြင်းသည်လည်း ဖြစ်၏၊ ရန်သူတို့ နှလုံးမသာဖွယ် ဖြစ်ကုန်၏။ တူမျှသော သီလရှိကုန်သော လင်မယား နှစ်ဦးလုံးတို့သည် ဤလူ့ဘဝ၌တရားကို ကျင့်ကြကုန်၍ နတ်လောက၌ အလုံးစုံသော ကာမဂုဏ် အာရုံတို့ကို လိုတိုင်းရ ကုန်လျက် နှစ်နှစ်သက်သက် မွေ့လျော်ရကုန်သတည်း။
စတုတ္ထသုတ်။