အင်္ဂုတ္တရနိကာယ်

(၈) ၃-အပဏ္ဏကဝဂ်

၉-ဝဏိဇ္ဇသုတ်

၇၉။ ထိုအခါ အသျှင်သာရိပုတြာသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်လျက် “အသျှင်ဘုရား ဤလောက၌ အချို့သောသူ၏ အားထုတ်အပ်သော ကုန်သွယ်မှုသည် ကုန်သွယ်မှုချင်းတူမျှသည်သာ ဖြစ်ပါလျက် ပျက်စီးခြင်းသို့ ရောက်ရခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း။ အသျှင်ဘုရား ဤလောက၌ အချို့သောသူ၏ အားထုတ်အပ်သော ကုန်သွယ်မှုသည် ကုန်သွယ်မှုချင်း တူမျှသည် ဖြစ်ပါလျက် ရည်မှန်းသည့်အတိုင်း မဖြစ်ရခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း။ အသျှင်ဘုရား ဤလောက၌ အချို့သောသူ၏ အားထုတ်အပ်သော ကုန်သွယ်မှုသည် ကုန်သွယ်မှုချင်း တူမျှပါလျက် ရည်မှန်းသည့်အတိုင်း ဖြစ်ရခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း။ အသျှင်ဘုရား ဤလောက၌ အချို့သောသူ၏ အားထုတ်အပ်သော ကုန်သွယ်မှုသည် ကုန်သွယ်မှုချင်း တူမျှပါလျက် ရည်မှန်းသည်ထက် လွန်ကဲသော အကျိုးရှိခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း”ဟု လျှောက်၏။

သာရိပုတြာ ဤလောက၌ အချို့သော သူသည် သမဏသို့ ဖြစ်စေ ဗြာဟ္မဏသို့ ဖြစ်စေ ချဉ်းကပ်၍ “အသျှင်ဘုရား (အလိုရှိသော) ပစ္စည်းကို မိန့်ဆိုတော်မူပါ”ဟု ဖိတ်ကြား၏၊ ထိုသူသည် ထို ဖိတ်ကြားသော ပစ္စည်းကို မပေးလှူ။ ထိုသူသည် ထို ဘဝမှ စုတေ၍ ဤလူ့ဘုံသို့ ပြန်လာခဲ့မူ အကြင် အကြင် ကုန်သွယ်မှုကိုပင် အားထုတ်၏၊ ထိုသူ၏ ထို အားထုတ်အပ်တိုင်းသော ကုန်သွယ်မှုသည် ပျက်စီးခြင်းသို့ ရောက်၏။

သာရိပုတြာ ဤလောက၌ အချို့သော သူသည် သမဏသို့ ဖြစ်စေ ဗြာဟ္မဏသို့ ဖြစ်စေ ချဉ်းကပ်၍ “အသျှင်ဘုရား (အလိုရှိသော) ပစ္စည်းကို မိန့်ဆိုတော်မူပါ”ဟု ဖိတ်ကြား၏၊ ထိုသူသည် ထို ဖိတ်ကြားသော ပစ္စည်းကို ရည်မှန်းသည့်အတိုင်း မပေးလှူ။ ထိုသူသည် ထို ဘဝမှ စုတေ၍ ဤလူ့ဘုံသို့ ပြန်လာခဲ့မူ အကြင် အကြင် ကုန်သွယ်မှုကိုပင် အားထုတ်၏၊ ထိုသူ၏ ထို ကုန်သွယ်မှုသည် ရည်မှန်းသည့် အတိုင်း မဖြစ်။

သာရိပုတြာ ဤလောက၌ အချို့သော သူသည် သမဏသို့ ဖြစ်စေ ဗြာဟ္မဏသို့ ဖြစ်စေ ချဉ်းကပ်၍ “အသျှင်ဘုရား (အလိုရှိသော) ပစ္စည်းကို မိန့်ဆိုတော်မူပါ”ဟု ဖိတ်ကြား၏၊ ထိုသူသည် ထို ဖိတ်ကြားသော ပစ္စည်းကို ရည်မှန်းသည့်အတိုင်း ပေးလှူ၏။ ထိုသူသည် ထို ဘဝမှ စုတေ၍ ဤလူ့ဘုံသို့ ပြန်လာခဲ့မူ အကြင် အကြင် ကုန်သွယ်မှုကိုပင် အားထုတ်၏၊ ထိုသူ၏ ထို ကုန်သွယ်မှုသည် ရည်မှန်းသည့် အတိုင်း ဖြစ်၏။

သာရိပုတြာ ဤလောက၌ အချို့သော သူသည် သမဏသို့ ဖြစ်စေ ဗြာဟ္မဏသို့ ဖြစ်စေ ချဉ်းကပ်၍ “အသျှင်ဘုရား (အလိုရှိသော) ပစ္စည်းကို မိန့်ဆိုတော်မူပါ”ဟု ဖိတ်ကြား၏၊ ထိုသူသည် ထို ဖိတ်ကြားသော ပစ္စည်းကို ရည်မှန်းသည့်ထက် ပို၍ ပေးလှူ၏။ ထိုသူသည် ထို ဘဝမှ စုတေ၍ ဤလူ့ဘုံသို့ ပြန်လာခဲ့မူ အကြင် အကြင် ကုန်သွယ်မှုကိုပင် အားထုတ်၏၊ ထိုသူ၏ ထို ကုန်သွယ်မှုသည် ရည်မှန်းသည်ထက် ပို၍ အကျိုးရှိ၏။

သာရိပုတြာ ဤလောက၌ အချို့သောသူ၏ အားထုတ်အပ်သော ကုန်သွယ်မှုသည် ကုန်သွယ်မှုချင်း တူမျှပါလျက် ပျက်စီးခြင်းသို့ ရောက်ရခြင်း၏ အကြောင်းကား ဤသည်ပင်တည်း၊ အထောက်အပံ့ကား ဤသည်ပင်တည်း။ သာရိပုတြာ ဤလောက၌ အချို့သောသူ၏ အားထုတ်အပ်သော ကုန်သွယ်မှုသည် ကုန်သွယ်မှုချင်း တူမျှပါလျက် ရည်မှန်းသည့်အတိုင်း မဖြစ်ခြင်း၏ အကြောင်းကား ဤသည်ပင်တည်း၊ အထောက်အပံ့ကား ဤသည်ပင်တည်း။ သာရိပုတြာ ဤလောက၌ အချို့သောသူ၏ အားထုတ်အပ်သော ကုန်သွယ်မှုသည် ကုန်သွယ်မှုချင်း တူမျှပါလျက် ရည်မှန်းသည့်အတိုင်း ဖြစ်ရခြင်း၏ အကြောင်းကား ဤ့သည်ပင်တည်း၊ အထောက်အပံ့ကား ဤသည်ပင်တည်း။ သာရိပုတြာ ဤလောက၌ အချို့သောသူ၏ အားထုတ် အပ်သော ကုန်သွယ်မှုသည် ကုန်သွယ်မှုချင်း တူမျှပါလျက် ရည်မှန်းသည်ထက် လွန်ကဲအကျိုး ရှိခြင်း၏ အကြောင်းကား ဤသည်ပင်တည်း၊ အထောက်အပံ့ကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။

နဝမသုတ်၊