အင်္ဂုတ္တရနိကာယ်
(၈) ၃-အပဏ္ဏကဝဂ်
၁ဝ-ကမ္ဗောဇသုတ်
၈ဝ။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်လျက် ဤစကားကို လျှောက်၏—
အသျှင်ဘုရား မာတုဂါမသည် (လွှတ်ရုံး) သဘင်၌ မနေရခြင်း၊ (ကြီးပွါးရေး) အလုပ်ကို မလုပ်ရခြင်း၊ ကမ္ဗောဇတိုင်း၁သို့ မသွားရခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်းဟု လျှောက်၏၊ အာနန္ဒာ မာတုဂါမသည် အမျက်ထွက်တတ်၏၊ မာတုဂါမသည် ငြူစူ တတ်၏၊ မာတုဂါမသည် ဝန်တိုတတ်၏၊ မာတုဂါမသည် ပညာမရှိ။ အာနန္ဒာ မာတုဂါမသည် (လွှတ်ရုံး) သဘင်၌ မနေရခြင်း၊ (ကြီးပွါးရေး) အလုပ်ကို မလုပ်ရခြင်း၊ ကမ္ဗောဇတိုင်းသို့ မသွားရခြင်း၏ အကြောင်းကား ဤသည်ပင်တည်း၊ အထောက်အပံ့ကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။
ဒသမသုတ်။
သုံးခုမြောက် အပဏ္ဏကဝဂ် ပြီး၏။
၁။ ကမ္ဗောဇတိုင်းသို့ မသွားရခြင်းဟူသည် ဥပလက္ခဏမျှသာ ဖြစ်၏၊ မည်သည့် တိုင်းတစ်ပါးသို့မျှ မသွားရဟူလို၏။