အင်္ဂုတ္တရနိကာယ်

(၉) ၄-မစလဝဂ်

၁-ပါဏာတိပါတသုတ်

၈၁။ ရဟန်းတို့ တရားလေးမျိုးတို့နှင့် ပြည့်စုံသော သူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ဤအတူ ငရဲသို့ ကျရောက်ရ၏၊ အဘယ်လေးမျိုးတို့နည်းဟူမူ— သူ့အသက်ကို သတ်လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်လေ့ရှိ၏၊ မဟုတ်မမှန် ပြောလေ့ရှိ၏။ ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသောသူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ဤအတူ ငရဲသို့ ကျရောက်ရ၏။

ရဟန်းတို့ တရားလေးမျိုးတို့နှင့် ပြည့်စုံသော သူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ဤအတူ နတ်ပြည်သို့ ရောက်ရ၏၊ အဘယ်လေးမျိုးတို့နည်းဟူမူ— သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဉ်၏၊ ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသောသူသည် ဆောင်ယူ၍ ချထား အပ်သကဲ့သို့ ဤအတူ နတ်ပြည်သို့ ရောက်ရ၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်၊