အင်္ဂုတ္တရနိကာယ်

(၁၂) ၂-အန္ဓကဝိန္ဒဝဂ်

၂-ပစ္ဆာသမဏသုတ်

၁၁၂။ ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော နောက်လိုက်ရဟန်းကို မခေါ်ဆောင်အပ်။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

အလွန်ဝေးစွာမူလည်း လိုက်တတ်၏ အလွန်နီးစွာမူလည်း လိုက်တတ်၏၊ (ဆရာ၏) ဆွမ်းပြည့် သပိတ်ကိုလဲလှယ်၍လည်း မယူတတ်၊ အာပတ်၏ အနီး၌ ဆရာစကားပြောဆိုသော် မတားမြစ်တတ်၊ ဆရာစကားပြောဆိုသော် ကြားဝင် ပြောတတ်၏၊ ပညာမဲ့၏ မိုက်မဲ၏ ဆွံ့အ၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော နောက်လိုက်ရဟန်းကို မခေါ်ဆောင်အပ်။

ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော နောက်လိုက်ရဟန်းကို ခေါ်ဆောင်အပ်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

မဝေးလွန်း မနီးလွန်း လိုက်တတ်၏၊ (ဆရာ၏) ဆွမ်းပြည့်သပိတ်ကို လဲလှယ်၍လည်း ယူတတ်၏၊ အာပတ်၏အနီး၌ ဆရာစကားပြောဆိုသော် တားမြစ်တတ်၏၊ ဆရာစကားပြောဆိုသော် ကြားဝင်၍မပြောတတ်၊ ပညာရှိ၏ မမိုက်မဲ မဆွံ့အ။

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော နောက်လိုက်ရဟန်းကို ခေါ်ဆောင်အပ်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။