အင်္ဂုတ္တရနိကာယ်
(၁၂) ၂-အန္ဓကဝိန္ဒဝဂ်
၃-သမ္မာသမာဓိသုတ်
၁၁၃။ ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မှန်ကန်သော တည်ကြည်မှု’သမ္မာသမာဓိ’သို့ ရောက်၍ နေခြင်းငှါ မထိုက်။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အဆင်း ‘ရူပါရုံ’ တို့ကို သည်းမခံနိုင်၊ အသံ ‘သဒ္ဒါရုံ’ တို့ကို သည်းမခံနိုင်၊ အနံ့ ‘ဂန္ဓာရုံ’ တို့ကို သည်းမခံနိုင်၊ အရသာ ‘ရသာရုံ’ တို့ကို သည်းမခံနိုင်၊ အတွေ့’ဖောဋ္ဌဗ္ဗာရုံ’ တို့ကို သည်းမခံနိုင်။
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’သို့ ရောက်၍ နေခြင်းငှါ မထိုက်။
ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မှန်ကန်သော တည်ကြည်မှု’သမ္မာသမာဓိ’သို့ရောက်၍ နေခြင်းငှါ ထိုက်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အဆင်း ‘ရူပါရုံ’ တို့ကို သည်းခံနိုင်၏၊ အသံ ‘သဒ္ဒါရုံ’ တို့ကို သည်းခံနိုင်၏၊ အနံ့ ‘ဂန္ဓာရုံ’ တို့ကို သည်းခံနိုင်၏၊ အရသာ ‘ရသာရုံ’ တို့ကို သည်းခံနိုင်၏၊ အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’ တို့ကို သည်းခံနိုင်၏။
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’သို့ ရောက်၍ နေခြင်းငှါ ထိုက်၏ဟု (မိန့်တော်မူ၏)။
တတိယသုတ်။