အင်္ဂုတ္တရနိကာယ်

(၁၂) ၂-အန္ဓကဝိန္ဒဝဂ်

၄-အန္ဓကဝိန္ဒသုတ်

၁၁၄။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် မဂဓတိုင်း အန္ဓကဝိန္ဒအရပ်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေသော အသျှင်အာနန္ဒာအား မြတ်စွာဘုရားသည် —

အာနန္ဒာ ပြုသစ်စဖြစ်ကုန်သော ရဟန်းပြု၍ မကြာသေးကုန်သော ဤသာသနာတော်သို့ ယခုမှရောက်လာကုန်သော ရဟန်းတို့ကို သင်တို့သည် တရား ငါးမျိုးတို့၌ ဆောက်တည်စေအပ်ကုန်၏၊ သွင်းထားအပ်ကုန်၏၊ တည်စေအပ်ကုန်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

ငါ့သျှင်တို့ သင်တို့ လာကြကုန်လော့၊ သီလရှိသူတို့ ဖြစ်ကြကုန်လော့၊ ပါတိမောက္ခသံဝရသီလကို့ထိန်းသိမ်းကုန်လျက် အကျင့် ‘အာစာရ’ ကျက်စားရာ ‘ဂေါစရ’ နှင့် ပြည့်စုံကုန်သည်ဖြစ်၍နေကြကုန်လော့၊ အနည်းငယ်မျှလောက်သော အပြစ်တို့၌သော်လည်း ဘေးဟုရှုလေ့ရှိကုန်သည်ဖြစ်၍သိက္ခာပုဒ်တို့၌ ဆောက်တည်လျက် ကျင့်ကြကုန်လော့ဟု ပါတိမောက္ခသံဝရသီလ၌ ဆောက်တည်စေအပ်ကုန်၏၊ သွင်းထား အပ်ကုန်၏၊ တည်စေအပ်ကုန်၏။

ငါ့သျှင်တို့ သင်တို့ လာကြကုန်လော့၊ ဣန္ဒြေတို့၌ ပိတ်ထားသောတံခါးရှိကုန်သည်စောင့်ရှောက်အပ်သော သတိရှိကုန်သည် ပညာနှင့် ယှဉ်သော သတိရှိကုန်သည် ကောင်းစွာစောင့်ရှောက်အပ်သောစိတ်ရှိကုန်သည် သတိဖြင့်စောင့်ရှောက်ထားသော စိတ်နှင့် ပြည့်စုံကုန်သည် ဖြစ်၍ နေကုန်လော့ဟုဣန္ဒြိယသံဝရသီလ၌ ဆောက်တည်စေအပ်ကုန်၏၊ သွင်းထားအပ်ကုန်၏၊ တည်စေအပ်ကုန်၏။

ငါ့သျှင်တို့ သင်တို့ လာကြကုန်လော့၊ စကားပြော နည်းပါးကုန်လော့၊ စကားပြောရာ၌ အပိုင်းအခြားကို ပြုကြကုန်လော့ဟု စကားပြောမှု အပိုင်အခြား၌ ဆောက်တည်စေအပ်ကုန်၏၊ သွင်းထားအပ်ကုန်၏၊ တည်စေအပ်ကုန်၏။

ငါ့သျှင်တို့ သင်တို့ လာကြကုန်လော့၊ တော၌ နေသူတို့ ဖြစ်ကြကုန်လော့၊ အစွန်အဖျားကျသောတောကျောင်းတို့ကို မှီဝဲကုန်လော့ဟု ကိုယ်၏ ဆိတ်ငြိမ်ခြင်း ‘ကာယဝိဝေက’၌ ဆောက်တည်စေအပ်ကုန်၏၊ သွင်းထားအပ်ကုန်၏၊ တည်စေအပ်ကုန်၏။

ငါ့သျှင်တို့ သင်တို့ လာကြကုန်လော့၊ မှန်ကန်သော အယူ ‘သမ္မာဒိဋ္ဌိ’ ရှိကုန်လော့၊ ကောင်းသော ဉာဏ်အမြင်နှင့် ပြည့်စုံကြကုန်လော့ဟု မှန်ကန်သော အယူ၌ ဆောက်တည်စေအပ်ကုန်၏၊ သွင်းထားအပ်ကုန်၏၊ တည်စေအပ်ကုန်၏။

အာနန္ဒာ ပြုသစ်စဖြစ်ကုန်သော ရဟန်းပြု၍ မကြာသေးကုန်သော ဤသာသနာတော်သို့ ယခုမှရောက်လာကုန်သော ရဟန်းတို့ကို သင်တို့သည် ဤတရားငါးမျိုးတို့၌ ဆောက်တည်စေအပ်ကုန်၏၊ သွင်းထားအပ်ကုန်၏၊ တည်စေအပ်ကုန်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။