အင်္ဂုတ္တရနိကာယ်

(၁၂) ၂-အန္ဓကဝိန္ဒဝဂ်

၉-မိစ္ဆာဝါစာသုတ်

၁၁၉။ ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းမိန်းမသည် ဆောင်ယူ၍ ချထားအပ် သကဲ့သို့ထို့အတူ ငရဲ၌ ဖြစ်ရ၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

(ဉာဏ်ဖြင့်) မစိစစ် မသက်ဝင်မူ၍ မချီးမွမ်းထိုက်သူ၏ ဂုဏ်ကို ချီးမွမ်းပြောဆို၏။

(ဉာဏ်ဖြင့်) မစိစစ် မသက်ဝင်မူ၍ ချီးမွမ်းထိုက်သူ၏ ကျေးဇူးမဲ့ကို ကဲ့ရဲ့ပြောဆို၏။

မှားယွင်းသော ပြောဆိုခြင်းလည်း ရှိ၏။

မှားယွင်းသော ပြုခြင်းလည်း ရှိ၏။

သဒ္ဓါတရားဖြင့် လှူအပ်သော ပစ္စည်းကို ဖျက်ဆီး၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းမိန်းမသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ထို့အတူ ငရဲ၌ ဖြစ်ရ၏။

ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းမိန်းမသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ထို့အတူ နတ်ပြည်၌ ဖြစ်ရ၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

(ဉာဏ်ဖြင့်) စိစစ် သက်ဝင်၍ မချီးမွမ်းထိုက်သူ၏ ကျေးဇူးမဲ့ကို ကဲ့ရဲ့ပြောဆို၏။

(ဉာဏ်ဖြင့်) စိစစ် သက်ဝင်၍ ချီးမွမ်းထိုက်သူ၏ ဂုဏ်ကို ချီးမွမ်းပြောဆို၏။

မှန်ကန်သော ပြောဆိုခြင်းလည်း ရှိ၏။

မှန်ကန်သော ပြုခြင်းလည်း ရှိ၏။

သဒ္ဓါတရားဖြင့် လှူအပ်သော ပစ္စည်းကို မဖျက်ဆီး။

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းမိန်းမသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ထို့အတူ နတ်ပြည်၌ ဖြစ်ရ၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။