အင်္ဂုတ္တရနိကာယ်
၂-ဗလဝဂ်
၂-ကူဋသုတ်
၁၂။ ရဟန်းတို့ ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်တို့၏ အားတို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
ယုံကြည်မှု ‘သဒ္ဓါ’ အား။
ရှက်မှု ‘ဟိရီ’ အား။
ကြောက်လန့်မှု ‘သြတ္တပ္ပ’ အား။
အားထုတ်မှု ‘ဝီရိယ’ အား။
သိမှု ‘ပညာ’ အား တို့တည်း။
ရဟန်းတို့ ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်တို့၏ အားတို့သည် ဤငါးမျိုးတို့တည်း။
ရဟန်းတို့ ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်တို့၏ ဤအားငါးမျိုးတို့တွင် ပညာအားသည် အမြတ်ဆုံးဖြစ်၏၊ (ကျန်သော အားတို့ကို) သိမ်းယူနိုင်၏၊ ပေါင်းစုနိုင်၏။
ရဟန်းတို့ အထွတ်ရှိသော အိမ်တွင် အထွတ်သည် အမြတ်ဆုံးဖြစ်သကဲ့သို့ (အခြင်ရနယ်တို့ကို) သိမ်းယူနိုင်သကဲ့သို့ ပေါင်းစုနိုင်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်တို့၏ ဤအားငါးမျိုးတို့တွင် ထိုပညာအားသည် အမြတ်ဆုံးဖြစ်၏၊ (ကျန်သောအားတို့ကို) သိမ်းယူနိုင်၏၊ ပေါင်းစုနိုင်၏။
ရဟန်းတို့ ထို့ကြောင့် “ငါတို့သည် ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်တို့၏ အားဖြစ်သော ယုံကြည်မှု ‘သဒ္ဓါ’အားနှင့် ပြည့်စုံစေမည်၊ ရှက်မှု ‘ဟိရီ’ အားနှင့်။ ကြောက်လန့်မှု ‘သြတ္တပ္ပ’ အားနှင့်။ အားထုတ်မှု ‘ဝီရိယ’အားနှင့်။ ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်တို့၏ အားဖြစ်သော သိမှု ‘ပညာ’ အားနှင့် ပြည့်စုံစေမည်”ဟု ကျင့်ရမည်။ ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ရမည်ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။