အင်္ဂုတ္တရနိကာယ်
၂-ဗလဝဂ်
၁-အနနုဿုတသုတ်
၁၁။ ရဟန်းတို့ (ဘုရားမဖြစ်မီ) ရှေးက မကြားဘူးသေးသော (သစ္စာလေးပါး) တရားတို့၌ ထူးသောဉာဏ်ဖြင့် သိ၍ အပြီးအဆုံး တစ်ဖက်ကမ်းသို့ ရောက်၏ဟု ငါဝန်ခံ၏။
ရဟန်းတို့ မြတ်စွာဘုရား၏ အားတို့သည် ဤငါးမျိုးတို့တည်း။
ယင်းအားငါးမျိုးတို့နှင့် ပြည့်စုံသော မြတ်စွာဘုရားသည် မြင့်မြတ်သောအရာ (ဘုရားအဖြစ်) ကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲရင့်သော အသံကို မြွက်ဆို၏၊ ၊ မြတ်သော တရားစကြာကို လည်စေ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
ယုံကြည်မှု ‘သဒ္ဓါ’ အား။
ရှက်မှု ‘ဟိရီ’ အား။
ကြောက်လန့်မှု ‘သြတ္တပ္ပ’ အား။
အားထုတ်မှု ‘ဝီရိယ’ အား။
သိမှု ‘ပညာ’ အား တို့တည်း။
ရဟန်းတို့ မြတ်စွာဘုရား၏ အားတို့သည် ဤငါးမျိုးတို့တည်း။
ယင်းအားငါးမျိုးတို့နှင့် ပြည့်စုံသော မြတ်စွာဘုရားသည် မြင့်မြတ်သောအရာ (ဘုရားအဖြစ်) ကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲရင့်သော အသံကို မြွက်ဆို၏၊ ၊ မြတ်သော တရားစကြာကို လည်စေ၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။