အင်္ဂုတ္တရနိကာယ်
(၁၃) ၃-ဂိလာနဝဂ်
၈-သမဏသုခသုတ်
၁၂၈။ ရဟန်းတို့ ရဟန်း၏ ဆင်းရဲခြင်းတို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် —
ရတတ်သမျှသော သင်္ကန်းဖြင့် မရောင့်ရဲနိုင်။
ရတတ်သမျှသော ဆွမ်းဖြင့် မရောင့်ရဲနိုင်။
ရတတ်သမျှသော ကျောင်းအိပ်ရာနေရာဖြင့် မရောင့်ရဲနိုင်။
ရတတ်သမျှသော သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်ဖြင့် မရောင့်ရဲနိုင်။
မမွေ့လျော်ဘဲလျက် မြတ်သော အကျင့်ကို ကျင့်၏။
ရဟန်းတို့ ဤငါးမျိုးတို့သည် ရဟန်း၏ ဆင်းရဲခြင်းတို့တည်း။
ရဟန်းတို့ ရဟန်း၏ ချမ်းသာခြင်းတို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် —
ရတတ်သမျှသော သင်္ကန်းဖြင့် ရောင့်ရဲ၏။
ရတတ်သမျှသော ဆွမ်းဖြင့် ရောင့်ရဲ၏။
ရတတ်သမျှသော ကျောင်းအိပ်ရာနေရာဖြင့် ရောင့်ရဲ၏။
ရတတ်သမျှသော သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်ဖြင့် ရောင့်ရဲ၏။
မွေ့လျော်သည်ဖြစ်၍ မြတ်သောအကျင့်ကို ကျင့်၏။
ရဟန်းတို့ ဤငါးမျိုးတို့သည် ရဟန်း၏ ချမ်းသာခြင်းတို့တည်းဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။