အင်္ဂုတ္တရနိကာယ်

(၁၄) ၄-ရာဇဝဂ်

၉-အက္ခမသုတ်

၁၃၉။ ရဟန်းတို့ အင်္ဂါငါးမျိုးတို့နှင့် ပြည့်စုံသော မင်း၏ ဆင်သည် မင်းအား မထိုက်၊ မင်း မသုံးဆောင်အပ်၊ မင်း၏ အင်္ဂါအစိတ်အပိုင်းဟူ၍ ရေတွက်ခေါ်ဝေါ်ခြင်းသို့ မရောက်။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

ရဟန်းတို့ ဤလောက၌ မင်း၏ ဆင်သည်—

အဆင်း ‘ရူပါရုံ’ တို့ကို သည်းမခံနိုင်။

အသံ ‘သဒ္ဒါရုံ’ တို့ကို သည်းမခံနိုင်။

အနံ့ ‘ဂန္ဓာရုံ’ တို့ကို သည်းမခံနိုင်။

အရသာ ‘ရသာရုံ’ တို့ကို သည်းမခံနိုင်။

အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’ တို့ကို သည်းမခံနိုင်။ (ဤငါးမျိုးတို့တည်း)။

ရဟန်းတို့ အဘယ်သို့လျှင် မင်း၏ ဆင်သည် အဆင်း ‘ရူပါရုံ’ တို့ကို သည်းမခံနိုင်သနည်း။

ရဟန်းတို့ ဤလောက၌ မင်း၏ ဆင်သည် စစ်မြေပြင်သို့ သွားသည်ရှိသော် ဆင်အပေါင်းကို မြင်၍ဖြစ်စေ မြင်းအပေါင်းကို မြင်၍ဖြစ်စေ ရထားအပေါင်းကို မြင်၍ဖြစ်စေ ခြေလျင်သူရဲအပေါင်းကိုမြင်၍ဖြစ်စေ ဆုတ်နစ်၏၊ ထိုမှဤမှ ဆုတ်နစ်၏၊ မရပ်တည်နိုင်၊ စစ်မြေပြင်သို့ ဆင်းသက်ရန် မစွမ်းနိုင်။

ရဟန်းတို့ ဤသို့လျှင် မင်း၏ ဆင်သည် အဆင်း ‘ရူပါရုံ’ တို့ကို သည်းမခံနိုင်။ (၁)

ရဟန်းတို့ အဘယ်သို့လျှင် မင်း၏ ဆင်သည် အသံ ‘သဒ္ဒါရုံ’ တို့ကို သည်းမခံနိုင်သနည်း။

ရဟန်းတို့ ဤလောက၌ မင်း၏ ဆင်သည် စစ်မြေပြင်သို့ သွားသည်ရှိသော် ဆင်သံကို ကြား၍ ဖြစ်စေမြင်းသံကို ကြား၍ဖြစ်စေ ရထားသံကို ကြား၍ဖြစ်စေ ခြေလျင်သူရဲသံကို ကြား၍ဖြစ်စေ စည်ကြီး သံထက်စည်သံ ခရုသင်းသံ စည်ပုတ်သံ ပဲ့တင်သံကို ကြား၍ဖြစ်စေ ဆုတ်နစ်၏၊ ထိုမှဤမှ ဆုတ်နစ်၏၊ မရပ်တည်နိုင်၊ စစ်မြေပြင်သို့ ဆင်းသက်ရန် မတတ်နိုင်။

ရဟန်းတို့ ဤသို့လျှင် မင်း၏ ဆင်သည် အသံ ‘သဒ္ဒါရုံ’ တို့ကို သည်းမခံနိုင်။ (၂)

ရဟန်းတို့ အဘယ်သို့လျှင် မင်း၏ ဆင်သည် အနံ့ ‘ဂန္ဓာရုံ’ တို့ကို သည်းမခံနိုင်သနည်း။

ရဟန်းတို့ ဤလောက၌ မင်း၏ ဆင်သည် စစ်မြေပြင်သို့ သွားသည်ရှိသော် အမျိုးကောင်းကုန်သောစစ်မြေပြင်၌ ကျက်စားဖူးကုန်သော မင်းစီးဆင်တော်တို့၏ ကျင်ကြီးကျင်ငယ်နံ့ကို နမ်းရှူမိ၍ ဆုတ်နစ်၏၊ ထိုမှ ဤမှ ဆုတ်နစ်၏၊ မရပ်တည်နိုင်၊ စစ်မြေပြင်သို့ ဆင်းသက်ရန် မတတ်နိုင်။

ရဟန်းတို့ ဤသို့လျှင် မင်း၏ ဆင်သည် အနံ့ ‘ဂန္ဓာရုံ’ တို့ကို သည်းမခံနိုင်။ (၃)

ရဟန်းတို့ အဘယ်သို့လျှင် မင်း၏ ဆင်သည် အရသာ’ရသာရုံ’ တို့ကို သည်းမခံနိုင်သနည်း။

ရဟန်းတို့ ဤလောက၌ မင်း၏ ဆင်သည် စစ်မြေပြင်သို့ သွားသည်ရှိသော် တစ်ရက်မျှ အစာ ရေစာမရသော်လည်းကောင်း နှစ်ရက် သုံးရက် လေးရက် ငါးရက်မျှ အစာရေစာ မရသော်လည်းကောင်းဆုတ်နစ်၏၊ ထိုမှ ဤမှ ဆုတ်နစ်၏၊ မရပ်တည်နိုင်၊ စစ်မြေပြင်သို့ ဆင်းသက်ရန် မတတ်နိုင်။

ရဟန်းတို့ ဤသို့လျှင် မင်း၏ ဆင်သည် အရသာ’ရသာရုံ’ တို့ကို သည်းမခံနိုင်။ (၄)

ရဟန်းတို့ အဘယ်သို့လျှင် မင်း၏ ဆင်သည် အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’ တို့ကို သည်းမခံနိုင်သနည်း။

ရဟန်းတို့ ဤလောက၌ မင်း၏ ဆင်သည် စစ်မြေပြင်သို့ သွားသည်ရှိသော် တစ်ချောင်းသောမြားအဟုန် စူးဝင်အပ်သည်ဖြစ်စေ နှစ်ချောင်း သုံးချောင်း လေးချောင်း ငါးချောင်းသော မြားအဟုန်တို့စူးဝင်အပ်သည်ဖြစ်စေ ဆုတ်နစ်၏၊ ထိုမှဤမှ ဆုတ်နစ်၏၊ မရပ်တည်နိုင်၊ စစ်မြေပြင်သို့ ဆင်းသက်ရန်မတတ်နိုင်။

ရဟန်းတို့ ဤသို့လျှင် မင်း၏ ဆင်သည် အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’ တို့ကို သည်းမခံနိုင်။ (၅)

ရဟန်းတို့ ဤအင်္ဂါငါးမျိုးတို့နှင့် ပြည့်စုံသော မင်း၏ ဆင်သည် မင်းအား မထိုက်၊ မင်း မသုံးဆောင်အပ်၊ မင်း၏ အင်္ဂါအစိတ်အပိုင်းဟူ၍ ရေတွက်ခေါ်ဝေါ်ခြင်းသို့ မရောက်။

ရဟန်းတို့ ဤအတူသာလျှင် တရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အရပ်ဝေးမှ ဆောင်လာ၍သော်လည်း ပေးလှူပူဇော်သော အလှူကို မခံထိုက်၊ ဧည့်သည်တို့အလို့ငှါ စီမံထားသော ဝတ္ထုကိုမခံထိုက်၊ တမလွန်အတွက် ရည်မျှော်သော အလှူကို မခံထိုက်၊ လက်အုပ်ချီခြင်းငှါ မထိုက်၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံးလယ်မြေ မဖြစ်။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်—

အဆင်း ‘ရူပါရုံ’ တို့ကို သည်းမခံနိုင်။

အသံ ‘သဒ္ဒါရုံ’ တို့ကို သည်းမခံနိုင်။

အနံ့ ‘ဂန္ဓာရုံ’ တို့ကို သည်းမခံနိုင်။

အရသာ ‘ရသာရုံ’ တို့ကို သည်းမခံနိုင်။

အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’ တို့ကို သည်းမခံနိုင်။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အဆင်း ‘ရူပါရုံ’ တို့ကို သည်းမခံနိုင်သနည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် ရူပါရုံကို မြင်၍ တပ်မက်ဖွယ်ဖြစ်သော ရူပါရုံ၌ အလွန်တပ်မက်၏၊ စိတ်ကို ဆောက်တည်ခြင်းငှါ မစွမ်းနိုင်။

ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အဆင်း ‘ရူပါရုံ’ တို့ကို သည်းမခံနိုင်။ (၁)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အသံ ‘သဒ္ဒါရုံ’ တို့ကို သည်းမခံနိုင်သနည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် နားဖြင့် အသံ ‘သဒ္ဒါရုံ’ တို့ကို ကြား၍ တပ်မက်ဖွယ်ဖြစ်သော သဒ္ဒါရုံ၌ အလွန်တပ်မက်၏၊ စိတ်ကို ဆောက်တည်ခြင်းငှါ မစွမ်းနိုင်။

ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အသံ ‘သဒ္ဒါရုံ’ တို့ကို သည်းမခံနိုင်။ (၂)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အနံ့ ‘ဂန္ဓာရုံ’ တို့ကို သည်းမခံနိုင်သနည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် နှာခေါင်းဖြင့် အနံ့ ‘ဂန္ဓာရုံ’ တို့ကို နမ်းရှူ၍ တပ်မက်ဖွယ်ဖြစ်သော ဂန္ဓာရုံ၌ အလွန်တပ်မက်၏၊ စိတ်ကို ဆောက်တည်ခြင်းငှါ မစွမ်းနိုင်။

ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အနံ့ ‘ဂန္ဓာရုံ’ တို့ကို သည်းမခံနိုင်။ (၃)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အရသာ ‘ရသာရုံ’ တို့ကို သည်းမခံနိုင်သနည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် လျှာဖြင့် အရသာ ‘ရသာရုံ’ တို့ကို လျက်၍ တပ်မက့်ဖွယ်ဖြစ်သော ရသာရုံ၌ အလွန်တပ်မက်၏၊ စိတ်ကို ဆောက်တည်ခြင်းငှါ မစွမ်းနိုင်။

ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အရသာ ‘ရသာရုံ’ တို့ကို သည်းမခံနိုင်။ (၄)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’ တို့ကို သည်းမခံနိုင်သနည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိ၍ တပ်မက်ဖွယ် ဖြစ်သောဖောဋ္ဌဗ္ဗာရုံ၌ အလွန်တပ်မက်၏၊ စိတ်ကို ဆောက်တည်ခြင်းငှါ မစွမ်းနိုင်။

ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’ တို့ကို သည်းမခံနိုင်။ (၅)

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အရပ်ဝေးမှ ဆောင်လာ၍သော်လည်းပေးလှူပူဇော်သော အလှူကို မခံထိုက်၊ ဧည့်သည်တို့ အလို့ငှါ စီမံထားသော ဝတ္ထုကို မခံထိုက်၊ တမလွန်အတွက် ရည်မျှော်သော အလှူကို မခံထိုက်၊ လက်အုပ်ချီခြင်းငှါ မထိုက်၊ သတ္တဝါအပေါင်း၏ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေ မဖြစ်။

ရဟန်းတို့ အင်္ဂါငါးမျိုးတို့နှင့် ပြည့်စုံသော မင်း၏ ဆင်သည် မင်းအား ထိုက်၏၊ မင်း သုံးဆောင်အပ်၏၊ မင်း၏ အင်္ဂါအစိတ်အပိုင်းဟူ၍ ရေတွက် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

ရဟန်းတို့ ဤလောက၌ မင်း၏ ဆင်သည် —

အဆင်း ‘ရူပါရုံ’ တို့ကို သည်းခံနိုင်၏။

အသံ ‘သဒ္ဒါရုံ’ တို့ကို သည်းခံနိုင်၏။

အနံ့ ‘ဂန္ဓာရုံ’ တို့ကို သည်းခံနိုင်၏။

အရသာ ‘ရသာရုံ’ တို့ကို သည်းခံနိုင်၏။

အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’ တို့ကို သည်းခံနိုင်၏။

ရဟန်းတို့ အဘယ်သို့လျှင် မင်း၏ ဆင်သည် အဆင်း ‘ရူပါရုံ’ တို့ကို သည်းခံနိုင်သနည်း။

ရဟန်းတို့ ဤလောက၌ မင်း၏ ဆင်သည် စစ်မြေပြင်သို့ သွားသည်ရှိသော် ဆင်အပေါင်းကို မြင်၍ဖြစ်စေ မြင်းအပေါင်းကို မြင်၍ဖြစ်စေ ရထားအပေါင်းကို မြင်၍ဖြစ်စေ ခြေလျင်သူရဲအပေါင်းကိုမြင်၍ဖြစ်စေ မဆုတ်နစ်၊ ထိုမှဤမှ မဆုတ်နစ်၊ ရပ်တည်နိုင်၏၊ စစ်မြေပြင်သို့ သက်ဆင်းခြင်းငှါစွမ်းနိုင်၏။

ရဟန်းတို့ ဤသို့လျှင် မင်း၏ ဆင်သည် အဆင်း ‘ရူပါရုံ’ တို့ကို သည်းခံနိုင်၏။ (၁)

ရဟန်းတို့ အဘယ်သို့လျှင် မင်း၏ ဆင်သည် အသံ ‘သဒ္ဒါရုံ’ တို့ကို သည်းခံနိုင်သနည်း။

ရဟန်းတို့ ဤလောက၌ မင်း၏ ဆင်သည် စစ်မြေပြင်သို့ သွားသည်ရှိသော် ဆင်သံကို ကြား၍ ဖြစ်စေမြင်းသံကို ကြား၍ဖြစ်စေ ရထားသံကို ကြား၍ဖြစ်စေ ခြေလျင်သူရဲသံကို ကြား၍ဖြစ်စေ စည်ကြီးသံထက်စည်သံ ခရုသင်းသံ စည်ပုတ်သံ ပဲ့တင်သံကို ကြား၍ဖြစ်စေ မဆုတ်နစ်၊ ထိုမှဤမှ မဆုတ်နစ်၊ ရပ်တည်နိုင်၏၊ စစ်မြေပြင်သို့ သက်ဆင်းခြင်းငှါ စွမ်းနိုင်၏။

ရဟန်းတို့ ဤသို့လျှင် မင်း၏ ဆင်သည် အသံ ‘သဒ္ဒါရုံ’ တို့ကို သည်းခံနိုင်၏။ (၂)

ရဟန်းတို့ အဘယ်သို့လျှင် မင်း၏ ဆင်သည် အနံ့ ‘ဂန္ဓာရုံ’ တို့ကို သည်းခံနိုင်သနည်း။

ရဟန်းတို့ ဤလောက၌ မင်း၏ ဆင်သည် စစ်မြေပြင်သို့ သွားသည်ရှိသော် အမျိုးကောင်းကုန် သောစစ်မြေပြင်၌ ကျက်စားဖူးကုန်သော မင်းစီးဆင်တို့၏ ကျင်ကြီး ကျင်ငယ်နံ့ကို နမ်းရှူမိ၍ မဆုတ် နစ်၊ ထိုမှဤမှ မဆုတ်နစ်၊ ရပ်တည်နိုင်၏၊ စစ်မြေပြင်သို့ သက်ဆင်းခြင်းငှါ စွမ်းနိုင်၏။

ရဟန်းတို့ ဤသို့လျှင် မင်း၏ ဆင်သည် အနံ့ ‘ဂန္ဓာရုံ’ တို့ကို သည်းခံနိုင်၏။ (၃)

ရဟန်းတို့ အဘယ်သို့လျှင် မင်း၏ ဆင်သည် အရသာ ‘ရသာရုံ’တို့ကို သည်းခံနိုင်သနည်း။

ရဟန်းတို့ ဤလောက၌ မင်း၏ ဆင်သည် စစ်မြေပြင်သို့ သွားသည်ရှိသော် တစ်ရက်မျှ အစာ ရေစာ့မရသော်လည်းကောင်း၊ နှစ်ရက် သုံးရက် လေးရက် ငါးရက်မျှ အစာရေစာ မရသော်လည်းကောင်းမဆုတ်နစ်၊ ထိုမှဤမှ မဆုတ်နစ်၊ ရပ်တည်နိုင်၏၊ စစ်မြေပြင်သို့ သက်ဆင်းခြင်းငှါ စွမ်းနိုင်၏။

ရဟန်းတို့ ဤသို့လျှင် မင်း၏ ဆင်သည် အရသာ ‘ရသာရုံ’ တို့ကို သည်းခံနိုင်၏။ (၄)

ရဟန်းတို့ အဘယ်သို့လျှင် မင်း၏ ဆင်သည် အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’ တို့ကို သည်းခံနိုင်သနည်း။

ရဟန်းတို့ ဤလောက၌ မင်း၏ ဆင်သည် စစ်မြေပြင်သို့ သွားသည်ရှိသော် တစ်ချောင်းသော မြားအဟုန် စူးဝင်အပ်သည်ဖြစ်စေ နှစ်ချောင်း သုံးချောင်း လေးချောင်း ငါးချောင်းသော မြားအဟုန်တို့စူးဝင်အပ်သည်ဖြစ်စေ မဆုတ်နစ်၊ ထိုမှဤမှ မဆုတ်နစ်၊ ရပ်တည်နိုင်၏၊ စစ်မြေပြင်သို့ သက်ဆင်းခြင်းငှါစွမ်းနိုင်၏။

ရဟန်းတို့ ဤသို့လျှင် မင်း၏ ဆင်သည် အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’ တို့ကို သည်းခံနိုင်၏။ (၅)

ရဟန်းတို့ ဤအင်္ဂါငါးမျိုးတို့နှင့် ပြည့်စုံသော မင်း၏ ဆင်သည် မင်းအားထိုက်၏၊ မင်း သုံးဆောင်အပ်၏၊ မင်း၏ အင်္ဂါအစိတ်အပိုင်းဟူ၍ ရေတွက် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။

ရဟန်းတို့ ဤအတူသာလျှင် တရား ငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အရပ်ဝေးမှ ဆောင်လာ၍သော်လည်း ပေးလှူပူဇော်သော အလှူကို ခံထိုက်၏၊ ဧည့်သည်တို့ အလို့ငှါ စီမံထားသောဝတ္ထုကို ခံထိုက်၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံထိုက်၏၊ လက်အုပ်ချီခြင်းငှါ ထိုက်၏၊ သတ္တဝါ အပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေ ဖြစ်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် —

အဆင်း ‘ရူပါရုံ’ တို့ကို သည်းခံနိုင်၏။

အသံ ‘သဒ္ဒါရုံ’ တို့ကို သည်းခံနိုင်၏။

အနံ့ ‘ဂန္ဓာရုံ’ တို့ကို သည်းခံနိုင်၏။

အရသာ ‘ရသာရုံ’ တို့ကို သည်းခံနိုင်၏။

အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’ တို့ကို သည်းခံနိုင်၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အဆင်း ‘ရူပါရုံ’ တို့ကို သည်းခံနိုင်သနည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် အဆင်း’ရူပါရုံ’ကို မြင်၍ တပ်မက်ဖွယ်ဖြစ်သော ရူပါရုံ၌ မတပ်မက်၊ စိတ်ကို ဆောက်တည်ခြင်းငှါ စွမ်းနိုင်၏။

ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အဆင်း ‘ရူပါရုံ’ တို့ကို သည်းခံနိုင်၏။ (၁)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အသံ ‘သဒ္ဒါရုံ’ တို့ကို သည်းခံနိုင်သနည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် နားဖြင့် အသံ ‘သဒ္ဒါရုံ’ကို ကြား၍ တပ်မက်ဖွယ် ဖြစ်သောသဒ္ဒါရုံ၌ မတပ်မက်၊ စိတ်ကို ဆောက်တည်ခြင်းငှါ စွမ်းနိုင်၏။

ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အသံ ‘သဒ္ဒါရုံ’ တို့ကို ကြား၍ သည်းခံနိုင်၏။ (၂)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အနံ့ ‘ဂန္ဓာရုံ’ တို့ကို သည်းခံနိုင်သနည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် နှာခေါင်းဖြင့် အနံ့ ‘ဂန္ဓာရုံ’ကို နမ်းရှူ၍ တပ်မက်ဖွယ်ဖြစ်သော ဂန္ဓာရုံ၌ မတပ်မက်၊ စိတ်ကို ဆောက်တည်ခြင်းငှါ စွမ်းနိုင်၏။

ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အနံ့ ‘ဂန္ဓာရုံ’ တို့ကို သည်းခံနိုင်၏။ (၃)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အရသာ ‘ရသာရုံ’တို့ကို သည်းခံနိုင်သနည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် လျှာဖြင့် အရသာ ‘ရသာရုံ’ကို လျက်၍ တပ်မက်ဖွယ်ဖြစ်သော ရသာရုံ၌ မတပ်မက်၊ စိတ်ကို ဆောက်တည်ခြင်းငှါ စွမ်းနိုင်၏။

ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အရသာ ‘ရသာရုံ’ တို့ကို သည်းခံနိုင်၏။ (၄)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’ တို့ကို သည်းခံနိုင်သနည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကိုယ်ဖြင့် အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’ကို တွေ့ထိ၍တပ်မက်ဖွယ်ဖြစ်သော ဖောဋ္ဌဗ္ဗာရုံ၌ မတပ်မက်၊ စိတ်ကို ဆောက်တည်ခြင်းငှါ စွမ်းနိုင်၏။

ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အတွေ့ အထိ ‘ဖောဋ္ဌဗ္ဗာရုံ’ တို့ကို သည်းခံနိုင်၏။ (၅)

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အရပ်ဝေးမှ ဆောင်လာ၍သော်လည်းပေးလှူပူဇော်သော အလှူကို ခံထိုက်၏၊ ဧည့်သည်တို့ အလို့ငှါ စီမံထားသော ဝတ္ထုကို ခံထိုက်၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံထိုက်၏၊ လက်အုပ်ချီခြင်းငှါ ထိုက်၏၊ သတ္တဝါအပေါင်း၏ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။