အင်္ဂုတ္တရနိကာယ်

(၁၄) ၄-ရာဇဝဂ်

၈-ဘတ္တာဒကသုတ်

၁၃၈။ ရဟန်းတို့ အင်္ဂါငါးမျိုးတို့နှင့် ပြည့်စုံသော မင်း၏ ဆင်သည် အစာစားတတ်ရုံမျှ နေရာဖြုန်းတီးရုံမျှ ကျင်ကြီးကျင်ငယ်ကျစေရုံမျှ စာရင်းဝင်ရုံမျှ မင်း၏ ဆင်ဟူ၍ ခေါ်ဝေါ်ရရုံမျှ ဖြစ်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

ရဟန်းတို့ ဤလောက၌ မင်း၏ ဆင်သည်—

အဆင်း ‘ရူပါရုံ’ တို့ကို သည်းမခံနိုင်။

အသံ ‘သဒ္ဒါရုံ’ တို့ကို သည်းမခံနိုင်။

အနံ့ ‘ဂန္ဓာရုံ’ တို့ကို သည်းမခံနိုင်။

အရသာ ‘ရသာရုံ’ တို့ကို သည်းမခံနိုင်။

အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’ တို့ကို သည်းမခံနိုင်။

ရဟန်းတို့ ဤ အင်္ဂါငါးမျိုးတို့နှင့် ပြည့်စုံသော မင်း၏ ဆင်သည် အစာစားတတ်ရုံမျှ နေရာ ဖြုန်းတီးရုံမျှကျင်ကြီးကျင်ငယ်ကျစေရုံမျှ စာရင်းဝင်ရုံမျှ မင်း၏ ဆင်ဟူ၍ ခေါ်ဝေါ်ရရုံမျှ ဖြစ်၏။

ရဟန်းတို့ ဤအတူသာလျှင် တရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ဆွမ်းစားတတ်ရုံမျှ့နေရာဖြုန်းတီးရုံမျှ ညောင်စောင်းအင်းပျဉ်ကို ဖျက်ဆီးရုံမျှ စာရင်းဝင်ရုံမျှ ရဟန်းဟူ၍ ခေါ်ဝေါ်ရရုံမျှ ဖြစ်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်—

အဆင်း ‘ရူပါရုံ’ တို့ကို သည်းမခံနိုင်။

အသံ ‘သဒ္ဒါရုံ’ တို့ကို သည်းမခံနိုင်။

အနံ့ ‘ဂန္ဓာရုံ’ တို့ကို သည်းမခံနိုင်။

အရသာ ‘ရသာရုံ’ တို့ကို သည်းမခံနိုင်။

အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’ တို့ကို သည်းမခံနိုင်။

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ဆွမ်းစားတတ်ရုံမျှ နေရာဖြုန်းတီးရုံမျှညောင်စောင်းအင်းပျဉ်ကို ဖျက်ဆီးရုံမျှ စာရင်းဝင်ရုံမျှ ရဟန်းဟူ၍ ခေါ်ဝေါ်ရရုံမျှ ဖြစ်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။