အင်္ဂုတ္တရနိကာယ်

(၁၅) ၅-တိကဏ္ဍကီဝဂ်

၃-သာရန္ဒဒသုတ်

၁၄၃။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သောကျောင်းကြီး၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကိုပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူတော်မူပြီးလျှင် ဝေသာလီပြည်သို့ ဆွမ်းခံဝင်တော်မူ၏။

ထိုအခါ သာရန္ဒဒစေတီ၌ စုဝေးနေထိုင်ကုန်သော ငါးရာမျှသော လိစ္ဆဝီမင်းတို့အား ဤအကြားစကားသည် ဖြစ်ပေါ်၏။

လောက၌ ရတနာငါးမျိုးတို့၏ ထင်ရှားဖြစ်ပေါ်မှုကို ရခဲ၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

လောက၌ ဆင်ရတနာ၏ ထင်ရှားဖြစ်ပေါ်မှုကို ရခဲ၏။

လောက၌ မြင်းရတနာ၏ ထင်ရှားဖြစ်ပေါ်မှုကို ရခဲ၏။

လောက၌ ပတ္တမြား (ကျောက်မျက်) ရတနာ၏ ထင်ရှားဖြစ်ပေါ်မှုကို ရခဲ၏။

လောက၌ မိန်းမရတနာ၏ ထင်ရှားဖြစ်ပေါ်မှုကို ရခဲ၏။

လောက၌ သူဌေးရတနာ၏ ထင်ရှားဖြစ်ပေါ်မှုကို ရခဲ၏။

လောက၌ ဤရတနာငါးမျိုးတို့၏ ထင်ရှားဖြစ်ပေါ်မှုကို ရခဲ၏ဟု (ဤအကြားစကားသည် ဖြစ်ပေါ်၏)။

ထိုအခါ ထိုလိစ္ဆဝီမင်းတို့သည် “အချင်းယောကျာ်း သင်သည် မြတ်စွာဘုရားကို တွေ့မြင်သောအခါငါတို့အား ပြောကြားလှည့်လော့”ဟု (ဆို၍) လမ်းခရီး၌ မင်းချင်းယောကျာ်းကို ထားကြကုန်၏။

ထိုမင်းချင်းယောကျာ်းသည် မြတ်စွာဘုရား ကြွလာတော်မူသည်ကို အဝေးမှပင် မြင်၍ လိစ္ဆဝီမင်းတို့ထံသို့ ချဉ်းကပ်ပြီးလျှင် —

“အရှင်တို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ထိုမြတ်စွာဘုရားသည် ကြွလာတော်မူပါ၏၊ ယခုအခါ (ဖူးမြော်ရမည့်) အချိန်အခါကိုအရှင်တို့ သိပါ၏ (ဖူးမြော်ရန်မှာ အရှင်တို့ အလိုအတိုင်းပင် ဖြစ်ပါ၏)”ဟု လျှောက်တင်၏။

ထို့နောက် ထိုလိစ္ဆဝီမင်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်နေကြကုန်လျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်ကုန်၏ —

“အသျှင်ဘုရား တောင်းပန်ပါ၏၊ သနားစောင့်ရှောက်ခြင်းကို အကြောင်းပြု၍ သာရန္ဒဒစေတီသို့ချဉ်းကပ်တော်မူပါ”ဟု လျှောက်ကြကုန်၏။ မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေတော်မူခြင်းဖြင့် လက်ခံတော်မူ၏။

ထို့နောက် မြတ်စွာဘုရားသည် သာရန္ဒဒစေတီသို့ ချဉ်းကပ်၍ ခင်းထားသော နေရာ၌ ထိုင်တော်မူပြီးလျှင် ထိုလိစ္ဆဝီမင်းတို့အား—

“လိစ္ဆဝီမင်းတို့ ယခုအခါ၌ အဘယ်စကားဖြင့် စုဝေးထိုင်နေကုန်ဘိသနည်း၊ သင်တို့အား မပြီးပြတ်သေးသော အကြားစကားသည် အဘယ်နည်း”ဟု မေးတော်မူ၏။

အသျှင်ဘုရား ဤအရပ်၌ စုဝေးထိုင်နေကုန်သော အကျွန်ုပ်တို့အား ဤမပြီးပြတ်သေးသောအကြားစကားသည် ထင်ရှားဖြစ်ပေါ်ပါ၏။

လောက၌ ရတနာငါးမျိုးတို့၏ ထင်ရှားဖြစ်ပေါ်မှုကို ရခဲ၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

လောက၌ ဆင်ရတနာ၏ ထင်ရှားဖြစ်ပေါ်မှုကို ရခဲ၏။

လောက၌ မြင်းရတနာ၏ ထင်ရှားဖြစ်ပေါ်မှုကို ရခဲ၏။

လောက၌ ပတ္တမြား (ကျောက်မျက်) ရတနာ၏ ထင်ရှားဖြစ်ပေါ်မှုကို ရခဲ၏။

လောက၌ မိန်းမရတနာ၏ ထင်ရှားဖြစ်ပေါ်မှုကို ရခဲ၏။

လောက၌ သူဌေးရတနာ၏ ထင်ရှားဖြစ်ပေါ်မှုကို ရခဲ၏။

လောက၌ ဤရတနာငါးမျိုးတို့၏ ထင်ရှားဖြစ်ပေါ်မှုကို ရခဲ၏ဟု (ဤမပြီးပြတ်သေးသော အကြားစကားသည် ဖြစ်ပေါ်ပါ၏ဟူ၍ လျှောက်ကြကုန်၏)။

အချင်းတို့ ကာမဂုဏ်၌ နှလုံးသွင်းရှိကုန်သော လိစ္ဆဝီမင်းတို့အား ကာမဂုဏ်ကိုသာလျှင် အကြောင်းပြု၍ မပြီးပြတ်သေးသော အကြားစကားသည် ထင်ရှားဖြစ်ပေါ်၏တကား။

လိစ္ဆဝီမင်းတို့ လောက၌ ရတနာငါးမျိုးတို့၏ ထင်ရှားဖြစ်ပေါ်မှုကို ရခဲ၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

လောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော မြတ်စွာဘုရား၏ ထင်ရှားဖြစ်ပေါ်မှုကို ရခဲ၏။

လောက၌ မြတ်စွာဘုရားဟောကြားတော်မူသော ဓမ္မဝိနယကို ဟောပြောတတ်သော ပုဂ္ဂိုလ်ကို ရခဲ၏။

လောက၌ မြတ်စွာဘုရားဟောကြားတော်မူသော ဓမ္မဝိနယကို ဟောကြားအပ်သည်ရှိသော် သိတတ်သော ပုဂ္ဂိုလ်ကို ရခဲ၏။

လောက၌ မြတ်စွာဘုရားဟောကြားတော်မူသော ဓမ္မဝိနယကို ဟောကြားအပ်သည်ရှိသော် သိသည့်အတိုင်း တရားနှင့်အညီ ကျင့်သော ပုဂ္ဂိုလ်ကို ရခဲ၏။

လောက၌ သူပြုဖူးသောကျေးဇူးကို သိ၍ သူပြုဖူးသောကျေးဇူးကို ထင်ရှားအောင် ပြုလေ့ရှိသောပုဂ္ဂိုလ်ကို ရခဲ၏။

လိစ္ဆဝီမင်းတို့ ဤရတနာငါးမျိုးတို့၏ ထင်ရှားဖြစ်ပေါ်မှုကို လောက၌ ရခဲ၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။