အင်္ဂုတ္တရနိကာယ်

(၁၅) ၅-တိကဏ္ဍကီဝဂ်

၂-အာရဘတိသုတ်

၁၄၂။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်ငါးမျိုးတို့သည် ထင်ရှားရှိကုန်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် အာပတ်ကိုလည်း လွန်ကျူး၏၊ နှလုံးမသာခြင်းလည်း ဖြစ်၏၊ ဖြစ်ပေါ်လာသည့် ယုတ်ညံ့သော အကုသိုလ်တရားတို့ အကြွင်းမဲ့ချုပ်ရာလွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကိုလည်းဟုတ်တိုင်းမှန်စွာ မသိ။ (၁)

ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် အာပတ်ကို လွန်ကျူး၏၊ နှလုံးမသာခြင်းကား မဖြစ်၊ ဖြစ်ပေါ်လာသည့် ယုတ်ညံ့သော အကုသိုလ်တရားတို့ အကြွင်းမဲ့ချုပ်ရာ လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကိုလည်းဟုတ်တိုင်းမှန်စွာ မသိ။ (၂)

ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် အာပတ်ကို မလွန်ကျူး၊ နှလုံးမသာခြင်း ကားဖြစ်၏၊ ဖြစ်ပေါ်လာသည့် ယုတ်ညံ့သော အကုသိုလ်တရားတို့ အကြွင်းမဲ့ချုပ်ရာ လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကိုလည်းဟုတ်တိုင်းမှန်စွာ မသိ။ (၃)

ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် အာပတ်ကိုလည်း မလွန်ကျူး၊ နှလုံးမသာခြင်းလည်း မဖြစ်၊ ဖြစ်ပေါ်လာသည့် ယုတ်ညံ့သော အကုသိုလ်တရားတို့ အကြွင်းမဲ့ချုပ်ရာ လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကိုလည်းဟုတ်တိုင်းမှန်စွာ မသိ။ (၄)

ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် အာပတ်ကိုလည်း မလွန်ကျူး၊ နှလုံးမသာခြင်းလည်း မဖြစ်၊ ဖြစ်ပေါ်လာသည့် ယုတ်ညံ့သော အကုသိုလ်တရားတို့ အကြွင်းမဲ့ချုပ်ရာ လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏။ (၅)

ရဟန်းတို့ ထိုပုဂ္ဂိုလ်ငါးမျိုးတို့တွင် အာပတ်ကိုလည်း လွန်ကျူး၍ နှလုံးမသာခြင်းလည်း ဖြစ်သည့် ပြင်ဖြစ်ပေါ်လာသည့် ယုတ်ညံ့သော အကုသိုလ်တရားတို့ အကြွင်းမဲ့ချုပ်ရာ လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကိုလည်းဟုတ်တိုင်းမှန်စွာ မသိသောပုဂ္ဂိုလ်ကို ဤသို့ ပြောဆိုရာ၏ —

“အသျှင်အား အာပတ်ကို လွန်ကျူးမှုကြောင့် ဖြစ်ကုန်သော အာသဝေါတရားတို့ ရှိကုန်၏၊ နှလုံးမသာမှုကြောင့် ဖြစ်ကုန်သော အာသဝေါတရားတို့ တိုးပွါးကုန်၏၊ တောင်းပန်ပါ၏၊ အသျှင်သည် အာပတ်ကို လွန်ကျူးမှုကြောင့် ဖြစ်ကုန်သော အာသဝေါတရားတို့ကို ပယ်၍ နှလုံးမသာမှုကြောင့် ဖြစ်ကုန်သောအာသဝေါတရားတို့ကို ဖျောက်ဖျက်ပြီးလျှင် (ဝိပဿနာ) စိတ်ကိုလည်းကောင်း၊ (ဝိပဿနာ) ပညာကိုလည်းကောင်း ပွါးများပါလော့၊ ဤသို့ ပွါးများသည်ရှိသော် အသျှင်သည် ဤမည်သော ငါးယောက်မြောက် (ရဟန္တာ) ပုဂ္ဂိုလ်နှင့် (ဂုဏ်ကျေးဇူးအားဖြင့်) ထပ်တူထပ်မျှ ဖြစ်ပါလိမ့်မည်”ဟူ၍ (ပြောဆိုရာ၏)။ (၁)

ရဟန်းတို့ ထိုပုဂ္ဂိုလ်ငါးမျိုးတို့တွင် အာပတ်ကို လွန်ကျူး၍ နှလုံးမသာမှု မဖြစ်ဘဲ ဖြစ်ပေါ်လာသည့်ယုတ်ညံ့သော အကုသိုလ်တရားတို့ အကြွင်းမဲ့ချုပ်ရာ လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့်လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကိုလည်းဟုတ်တိုင်းမှန်စွာ မသိသော ပုဂ္ဂိုလ်ကို ဤသို့ ပြောဆိုရာ၏ —

“အသျှင်အား အာပတ်ကို လွန်ကျူးမှုကြောင့် ဖြစ်ကုန်သော အာသဝေါတရားတို့ ရှိကုန်၏၊ နှလုံးမသာမှုကြောင့် ဖြစ်ကုန်သော အာသဝေါတရားတို့ မတိုးပွါးကုန်၊ တောင်းပန်ပါ၏၊ အသျှင်သည် အာပတ်ကို လွန်ကျူးမှုကြောင့် ဖြစ်ကုန်သော အာသဝေါတရားတို့ကို ပယ်၍ (ဝိပဿနာ) စိတ်ကိုလည်းကောင်း၊ (ဝိပဿနာ) ပညာကိုလည်းကောင်း ပွါးများပါလော့၊ ဤသို့ ပွါးများသည်ရှိသော် အသျှင်သည် ဤမည်သော ငါးယောက်မြောက် (ရဟန္တာ) ပုဂ္ဂိုလ်နှင့် (ဂုဏ်ကျေးဇူးအားဖြင့်) ထပ်တူထပ်မျှဖြစ်ပါလိမ့်မည်”ဟူ၍ (ပြောဆိုရာ၏)။ (၂)

ရဟန်းတို့ ထိုပုဂ္ဂိုလ်ငါးမျိုးတို့တွင် အာပတ်ကို မလွန်ကျူးဘဲ နှလုံးမသာမှုသာဖြစ်၍ ဖြစ်ပေါ်လာ သည့်ယုတ်ညံ့သော အကုသိုလ်တရားတို့ အကြွင်းမဲ့ချုပ်ရာ လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့်လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကိုလည်းဟုတ်တိုင်းမှန်စွာ မသိသော ပုဂ္ဂိုလ်အား ဤသို့ပြောဆိုရာ၏ —

“အသျှင်အား အာပတ်ကို လွန်ကျူးမှုကြောင့် ဖြစ်ကုန်သော အာသဝေါတရားတို့ မရှိကုန်၊ နှလုံးမသာမှုကြောင့် ဖြစ်ကုန်သော အာသဝေါတရားတို့ တိုးပွါးကုန်၏၊ တောင်းပန်ပါ၏၊ အသျှင်သည် နှလုံးမသာမှုကြောင့် ဖြစ်ကုန်သော အာသဝေါတရားတို့ကို ဖျောက်ဖျက်၍ (ဝိပဿနာ) စိတ်ကိုလည်းကောင်း၊ (ဝိပဿနာ) ပညာကိုလည်းကောင်း ပွါးများပါလော့၊ ဤသို့ ပွါးများသည်ရှိသော် အသျှင်သည် ဤမည်သော ငါးယောက်မြောက် (ရဟန္တာ) ပုဂ္ဂိုလ်နှင့် (ဂုဏ်ကျေးဇူးအားဖြင့်) ထပ်တူထပ်မျှ့ဖြစ်ပါလိမ့်မည်”ဟူ၍ (ပြောဆိုရာ၏)။ (၃)

ရဟန်းတို့ ထိုပုဂ္ဂိုလ်ငါးမျိုးတို့တွင် အာပတ်ကိုလည်း မလွန်ကျူး၊ နှလုံးမသာခြင်းလည်း မဖြစ်၊ ဖြစ်ပေါ်လာသည့် ယုတ်ညံ့သော အကုသိုလ်တရားတို့ အကြွင်းမဲ့ချုပ်ရာ လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကိုလည်းဟုတ်တိုင်းမှန်စွာ မသိသောပုဂ္ဂိုလ်ကို ဤသို့ ပြောဆိုရာ၏ —

“အသျှင်အား အာပတ်ကို လွန်ကျူးမှုကြောင့် ဖြစ်ကုန်သော အာသဝေါတရားတို့ မရှိကုန်၊ နှလုံးမသာမှုကြောင့် ဖြစ်ကုန်သော အာသဝေါတရားတို့သည်လည်း မတိုးပွါးကုန်၊ တောင်းပန်ပါ၏၊ အသျှင်သည် (ဝိပဿနာ) စိတ်ကိုလည်းကောင်း၊ (ဝိပဿနာ) ပညာကိုလည်းကောင်း ပွါးများပါလော့၊ ဤသို့ ပွါးများသည်ရှိသော် အသျှင်သည် ဤမည်သော ငါးယောက်မြောက် (ရဟန္တာ) ပုဂ္ဂိုလ်နှင့် (ဂုဏ်အားဖြင့်) ထပ်တူထပ်မျှ ဖြစ်ပါလိမ့်မည်”ဟူ၍ (ပြောဆိုရာ၏)။ (၄)

ရဟန်းတို့ ဤသို့လျှင် ဤပုဂ္ဂိုလ်လေးယောက်တို့သည် ဤမည်သော ငါးယောက်မြောက် (ရဟန္တာ) ပုဂ္ဂိုလ်ဖြင့် ဤသို့ ဆုံးမအပ်သည်ရှိသော် ဤသို့ ကံမြစ်အပ်သည်ရှိသော် အစဉ်အားဖြင့် အာသဝေါတရားတို့၏ကုန်ခန်းခြင်းသို့ ရောက်ကြလေကုန်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။