အင်္ဂုတ္တရနိကာယ်

(၁၇) ၂-အာဃာတဝဂ်

၉-ခိပ္ပနိသန္တိသုတ်

၁၆၉။ ထိုအခါ၌ အသျှင်အာနန္ဒာသည် အသျှင်သာရိပုတြာထံသို့ ချဉ်းကပ်၍ အသျှင်သာရိပုတြာနှင့် အတူဝမ်းမြောက် ဝမ်းသာ (နှုတ်ဆက်) ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် အသျှင်သာရိပုတြာအား ဤစကားကို လျှောက်၏ —

ငါ့သျှင်သာရိပုတြာ အဘယ်မျှသော အတိုင်းအရှည်ဖြင့် ရဟန်းသည် ကုသိုလ်တရားတို့၌ လျင်မြန်စွာလည်း မှတ်ဆောင်တတ်, ကောင်းစွာ သင်ယူအပ်သည်ကို ပြု၍လည်း သင်ယူတတ်ပါသနည်း၊ များစွာလည်း သင်ယူပါသနည်း၊ သင်ယူအပ်ပြီးသော အရာသည်လည်း ထိုရဟန်းအား မမေ့ပျောက်ပါသနည်းဟု (မေးလျှောက်၏)။

အသျှင်အာနန္ဒာသည် အကြားအမြင်များပါ၏၊ အသျှင်အာနန္ဒာသည်ပင် ဟောကြားပါလော့ဟု (မိန့်ဆို၏)။

ငါ့သျှင်သာရိပုတြာ သို့ဖြစ်လျှင် နားထောင်ပါလော့၊ ကောင်းစွာ နှလုံးသွင်းပါလော့၊ ဟောကြားပါမည်ဟု (ဆို၏)။

“ငါ့သျှင် ကောင်းပါပြီ”ဟု အသျှင်သာရိပုတြာသည် အသျှင်အာနန္ဒာအား ဝန်ခံတော်မူ၏၊ အသျှင်အာနန္ဒာသည် ဤစကားကို မိန့်ဆို၏—

ငါ့သျှင်သာရိပုတြာ ဤသာသနာတော်၌ ရဟန်းသည်—

အနက်၌လည်း လိမ္မာ၏။

ပါဠိ၌လည်း လိမ္မာ၏။

အက္ခရာအပြား၌လည်း လိမ္မာ၏။

သဒ္ဒါ၌လည်း လိမ္မာ၏။

ရှေ့နောက် အစီအစဉ်၌လည်း လိမ္မာ၏။

ငါ့သျှင်သာရိပုတြာ ဤမျှသော အတိုင်းအရှည်ဖြင့် ရဟန်းသည် ကုသိုလ်တရားတို့၌ လျင်မြန်စွာလည်းမှတ်ဆောင်တတ်, ကောင်းစွာ သင်ယူအပ်သည်ကို ပြု၍လည်း သင်ယူတတ်၏၊ များစွာလည်းသင်ယူတတ်၏၊ သင်ယူအပ်ပြီးသော အရာသည်လည်း ထိုရဟန်းအား မမေ့ပျောက်ဟု (မိန့်ဆို၏)။

ငါ့သျှင်တို့ အံ့ဖွယ်ရှိပါပေ၏၊ ငါ့သျှင်တို့ မဖြစ်ဖူးမြဲ ဖြစ်ပါပေ၏၊ အသျှင်အာနန္ဒာသည် အလွန်လျှင်ဤတရားစကားကို ကောင်းစွာ ဟောကြားအပ်ပါပေ၏၊ ငါတို့သည် အသျှင်အာနန္ဒာကို ဤတရားငါးမျိုးတို့နှင့် ပြည့်စုံ၏ဟု အမှတ်ထားကုန်အံ့။

အသျှင်အာနန္ဒာသည်—

အနက်၌ လိမ္မာ၏။

ပါဠိ၌ လိမ္မာ၏။

အက္ခရာအပြား၌ လိမ္မာ၏။

သဒ္ဒါ၌ လိမ္မာ၏။

ရှေ့နောက် အစီအစဉ်၌ လိမ္မာ၏ဟု (အမှတ်ထားကုန်အံ့ဟု မိန့်ဆို၏)။

နဝမသုတ်။