အင်္ဂုတ္တရနိကာယ်
၂-ဗလဝဂ်
၉-တတိယ ဟိတသုတ်
၁၉။ ရဟန်းတို့ တရားငါးမျိုးနှင့် ပြည့်စုံသော ရဟန်းသည် မိမိ၏ အစီးအပွါးအလို့ငှါလည်း မကျင့်၊ သူတစ်ပါး၏ အစီးအပွါးအလို့ငှါလည်း မကျင့်။
အဘယ်တရား ငါးမျိုးတို့နည်းဟူမူ—
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မိမိလည်း သီလနှင့် မပြည့်စုံ၊ သူတစ်ပါးကိုလည်း သီလနှင့်ပြည့်စုံစေရန် မဆောက်တည်စေ။ မိမိလည်း တည်ကြည်မှု ‘သမာဓိ’ နှင့် မပြည့်စုံ၊ သူတစ်ပါးကိုလည်းတည်ကြည်မှု ‘သမာဓိ’နှင့် ပြည့်စုံစေရန် မဆောက်တည်စေ။ မိမိလည်း ပညာနှင့် မပြည့်စုံ၊ သူတစ်ပါးကိုလည်း ပညာနှင့် ပြည့်စုံစေရန် မဆောက်တည်စေ။ မိမိလည်း (ကိလေသာမှ) လွတ်မြောက်မှု’ဝိမုတ္တိ’ နှင့် မပြည့်စုံ၊ သူတစ်ပါးကိုလည်း ကိလေသာမှ လွတ်မြောက်မှု’ဝိမုတ္တိ’နှင့် ပြည့်စုံစေရန်မဆောက်တည်စေ။ မိမိလည်း (ကိလေသာမှ) လွတ်မြောက်မှုကို ဆင်ခြင်တတ်သော ‘ပစ္စဝေက္ခဏာ’ ဉာဏ်အမြင်နှင့် မပြည့်စုံ၊ သူတစ်ပါးကိုလည်း (ကိလေသာမှ) လွတ်မြောက်မှုကို ဆင်ခြင်တတ်သော’ပစ္စဝေက္ခဏာ’ ဉာဏ်အမြင်နှင့် ပြည့်စုံစေရန် မဆောက်တည်စေ။
ရဟန်းတို့ ဤတရားငါးမျိုးနှင့် ပြည့်စုံသော ရဟန်းသည် မိမိ၏ အစီးအပွါးအလို့ငှါလည်း မကျင့်၊ သူတစ်ပါး၏ အစီးအပွါးအလို့ငှါလည်း မကျင့်ဟု (မိန့်တော်မူ၏)။
နဝမသုတ်။