အင်္ဂုတ္တရနိကာယ်
၁-သေခဗလဝဂ်
၃-ဒုက္ခသုတ်
၃။ ရဟန်းတို့ တရားငါးမျိုးနှင့် ပြည့်စုံသော ရဟန်းသည် ယခုဘဝ၌ပင်လျှင် ငြိုငြင်ခြင်း ပင်ပန်းခြင်း ပူပန်ခြင်းနှင့် တကွ ဆင်းရဲစွာ နေထိုင်ရ၏၊ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ မကောင်းသောလားရာ ‘ဒုဂ္ဂတိဘဝ’ကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။
အဘယ်တရား ငါးမျိုးတို့နည်းဟူမူ —
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်
ယုံကြည်မှု ‘သဒ္ဓါ’ မရှိ။
ရှက်မှု ‘ဟိရီ’ မရှိ။
ကြောက်လန့်မှု ‘သြတ္တပ္ပ’ မရှိ။
ပျင်းရိ၏။
ပညာမဲ့၏။
ရဟန်းတို့ ဤ တရားငါးမျိုးနှင့် ပြည့်စုံသော ရဟန်းသည် ယခုဘဝ၌ပင်လျှင် ငြိုငြင်ခြင်း ပင်ပန်းခြင်းပူပန်ခြင်းနှင့် တကွ ဆင်းရဲစွာ နေထိုင်ရ၏၊ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ မကောင်းသောလားရာ ‘ဒုဂ္ဂတိဘဝ’ကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။
ရဟန်းတို့ တရားငါးမျိုးနှင့် ပြည့်စုံသော ရဟန်းသည် ယခုဘဝ၌ပင် မငြိုငြင် မပင်ပန်းဘဲ မပူပန် ရမူ၍ချမ်းသာစွာ နေထိုင်ရ၏၊ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ’သုဂတိဘဝ’ ကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။
အဘယ်တရား ငါးမျိုးတို့နည်းဟူမူ —
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်
ယုံကြည်မှု ‘သဒ္ဓါ’ ရှိ၏။
ရှက်မှု ‘ဟိရီ’ ရှိ၏။
ကြောက်လန့်မှု ‘သြတ္တပ္ပ’ ရှိ၏။
ထက်သန်သော ‘ဝီရိယ’ ရှိ၏။
သိမှု ‘ပညာ’ ရှိ၏။
ရဟန်းတို့ ဤတရားငါးမျိုးနှင့် ပြည့်စုံသော ရဟန်းသည် ယခုဘဝ၌ပင်လျှင် မငြိုငြင် မပင်ပန်းဘဲ မပူပန်ရမူ၍ ချမ်းသာစွာ နေထိုင်ရ၏၊ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ ‘သုဂတိဘဝ’ ကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏ဟု (မိန့်တော်မူ၏)။
တတိယသုတ်။