အင်္ဂုတ္တရနိကာယ်

၁-သေခဗလဝဂ်

၄-ယထာဘတသုတ်

၄။ ရဟန်းတို့ တရားငါးမျိုးနှင့် ပြည့်စုံသော ရဟန်းသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ထို့အတူ ငရဲ၌ ဖြစ်ရ၏။

အဘယ်တရား ငါးမျိုးတို့နည်းဟူမူ —

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်

ယုံကြည်မှု ‘သဒ္ဓါ’ မရှိ။

ရှက်မှု ‘ဟိရီ’ မရှိ။

ကြောက်လန့်မှု ‘သြတ္တပ္ပ’ မရှိ။

ပျင်းရိ၏။

ပညာမဲ့၏။

ရဟန်းတို့ ဤတရားငါးမျိုးနှင့် ပြည့်စုံသော ရဟန်းသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ထို့အတူ ငရဲ၌ ဖြစ်ရ၏။

ရဟန်းတို့ တရားငါးမျိုးနှင့် ပြည့်စုံသော ရဟန်းသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ထို့အတူ နတ်ပြည်၌ ဖြစ်ရ၏။

အဘယ်တရား ငါးမျိုးတို့နည်းဟူမူ —

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်

ယုံကြည်မှု ‘သဒ္ဓါ’ ရှိ၏။

ရှက်မှု ‘ဟိရီ’ ရှိ၏။

ကြောက်လန့်မှု ‘သြတ္တပ္ပ’ ရှိ၏။

ထက်သန်သော ဝီရိယရှိ၏။

သိမှု ‘ပညာ’ ရှိ၏။

ရဟန်းတို့ ဤတရားငါးမျိုးနှင့် ပြည့်စုံသော ရဟန်းသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ထို့အတူ နတ်ပြည်၌ ဖြစ်ရ၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။