အင်္ဂုတ္တရနိကာယ်

၂-သိက္ခာပဒပေယျာလ

၃-ရာဂပေယျာလသုတ်

၃ဝ၃။ ရဟန်းတို့ စွဲမက်မှု ‘ရာဂ’ ကို ထူးသောဉာဏ်ဖြင့် သိရန် တရားငါးမျိုးတို့ကို ပွါးများအပ်ကုန်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

အသုဘသညာ။

မရဏသညာ။

အာဒီနဝသညာ။

အာဟာရေ ပဋိကူလသညာ။

သဗ္ဗလောကေ အနဘိရတိသညာ တို့တည်း။

ရဟန်းတို့ စွဲမက်မှု ‘ရာဂ’ ကို ထူးသောဉာဏ်ဖြင့် သိရန် ဤတရားငါးမျိုးတို့ကို ပွါးများအပ်ကုန်၏ဟု (မိန့်တော်မူ၏)။ (၁)

၃ဝ၄။ ရဟန်းတို့ စွဲမက်မှု ‘ရာဂ’ ကို ထူးသောဉာဏ်ဖြင့် သိရန် တရားငါးမျိုးတို့ကို ပွါးများအပ်ကုန်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

အနိစ္စသညာ။

အနတ္တသညာ။

မရဏသညာ။

အာဟာရေ မဋိကူလသညာ။

သဗ္ဗလောကေ အနဘိရတိသညာ တို့တည်း။

ရဟန်းတို့ စွဲမက်မှု ‘ရာဂ’ ကို ထူးသောဉာဏ်ဖြင့် သိရန် ဤတရားငါးမျိုးတို့ကို ပွါးများအပ်ကုန်၏ဟု (မိန့်တော်မူ၏)။ (၂)

၃ဝ၅။ ရဟန်းတို့ စွဲမက်မှု ‘ရာဂ’ ကို ထူးသောဉာဏ်ဖြင့် သိရန် တရားငါးမျိုးတို့ကို ပွါးများအပ်ကုန်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

အနိစ္စသညာ။

အနိစ္စ၌ ဒုက္ခဟု မှတ်ထင်မှု သညာ။

ဒုက္ခ၌ အနတ္တ မှတ်ထင်မှု သညာ။

ပဟာနသညာ။

ဝိရာဂသညာ တို့တည်း။

ရဟန်းတို့ စွဲမက်မှု ‘ရာဂ’ ကို ထူးသောဉာဏ်ဖြင့် သိရန် ဤတရားငါးမျိုးတို့ကို ပွါးများအပ်ကုန်၏ဟု (မိန့်တော်မူ၏)။ (၃)

၃ဝ၆။ ရဟန်းတို့ စွဲမက်မှု ‘ရာဂ’ ကို ထူးသောဉာဏ်ဖြင့် သိရန် တရားငါးမျိုးတို့ကို ပွါးများအပ်ကုန်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

သဒ္ဓိန္ဒြေ ဝီရိယိန္ဒြေ သတိန္ဒြေ သမာဓိန္ဒြေ ပညိန္ဒြေတို့တည်း။

ရဟန်းတို့ စွဲမက်မှု ‘ရာဂ’ ကို ထူးသောဉာဏ်ဖြင့် သိရန် ဤတရားငါးမျိုးတို့ကို ပွါးများအပ်ကုန်၏ဟု (မိန့်တော်မူ၏)။ (၄)

၃ဝ၇။ ရဟန်းတို့ စွဲမက်မှု ‘ရာဂ’ ကို ထူးသောဉာဏ်ဖြင့် သိရန် ဤတရားငါးမျိုးတို့ကို ပွါးများအပ်ကုန်၏။

အဘယ်တရားငါးမျိုးတို့နည်းဟူမူ —

သဒ္ဓါဗိုလ် ဝီရိယဗိုလ် သတိဗိုလ် သမာဓိဗိုလ် ပညာဗိုလ် တို့တည်း။

ရဟန်းတို့ စွဲမက်မှု ‘ရာဂ’ ကို ထူးသော ဉာဏ်ဖြင့် သိရန် ဤတရားငါးမျိုးတို့ကို ပွါးများအပ်ကုန်၏ဟု (မိန့်တော်မူ၏)။ (၅)

၃ဝ၈—၁၁၅၁။ ရဟန်းတို့ စွဲမက်မှု ‘ရာဂ’ ကို ပိုင်းခြား၍ သိရန်။ ထက်ဝန်းကျင်ကုန်စေရန်။ ပယ်ရန်။ကုန်ခန်းရန်။ ပျက်စီးရန်။ တပ်ခြင်းကင်းရန်။ ချုပ်ရန်။ စွန့်ရန်။ တစ်ဖန်စွန့်ရန် တရားငါးမျိုးတို့ကိုပွါးများအပ်ကုန်၏။

ဒေါသကို။ မောဟကို။ အမျက်ကို။ ရန်ငြိုးထားမှု ‘ဥပနာဟ’ ကို။ ချေဖျက်မှု ‘မက္ခ’ ကို။ အပြိုင်ပြုမှု ‘ပဠာသ’ ကို။ ငြူစူမှု ‘ဣဿာ’ ကို။ ဝန်တိုမှု ‘မစ္ဆရိယ’ ကို။ လှည့်ပတ်မှု ‘မာယာ’ ကို။ စဉ်းလဲမှု ‘သာဌေယျ’ကို။ ခက်ထန်မှု ‘ထမ္ဘ’ ကို။ ခြုတ်ခြယ်မှု ‘သာရမ္ဘ’ကို။ ထောင်လွှားမှု ‘မာန’ ကို။ အလွန်ထောင်လွှားမှု ‘အတိမာန’ ကို။ မာန်ယစ်မှု ‘မဒ’ကို။ မေ့လျော့မှု ‘ပမာဒ’ ကို ထူးသောဉာဏ်ဖြင့် သိရန်။ ပိုင်းခြား၍သိရန်။ကုန်စေရန်။ ပယ်ရန်။ကုန်ခန်းစေရန်။ ပျက်စီးရန်။ တပ်ခြင်းကင်းရန်။ ချုပ်စေရန်။ စွန့်ရန်။ တစ်ဖန်စွန့်ရန် တရားငါးမျိုးတို့ကို ပွါးများအပ်ကုန်၏။ (၆—၈၄၉)

အဘယ်ငါးမျိုးတို့နည်းဟူမူ —

သဒ္ဓါဗိုလ် ဝီရိယဗိုလ် သတိဗိုလ် သမာဓိဗိုလ် ပညာဗိုလ်တို့တည်း။

ရဟန်းတို့ မေ့လျော့မှု ‘ပမာဒ’ကို တဖန်စွန့်ရန် ဤတရားငါးမျိုးတို့ကို ပွါးများအပ်ကုန်၏ဟု (မိန့်တော်မူ၏) (၆—၈၅ဝ)။

ရာဂပေယျာလ ပြီး၏။

ပဉ္စကနိပါတ် ပြီး၏။