အင်္ဂုတ္တရနိကာယ်
၁-အာဟုနေယျဝဂ်
၁-ပဌမ အာဟုနေယျသုတ်
၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် —
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟုခေါ်တော်မူ၏၊ “အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ —
ရဟန်းတို့ တရားခြောက်မျိုးတို့နှင့်ပြည့်စုံသော ရဟန်းသည် အရပ်ဝေးမှ ဆောင်လာ၍သော်လည်းပေးလှူပူဇော်ရန် ထိုက်တန်၏၊ ဧည့်သည်တို့အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်း ပေးလှူပူဇော်ရန်ထိုက်တန်၏၊ တမလွန်အတွက် ရည်မျှော်သောအလှူကို ခံထိုက်၏၊ လက်အုပ်ချီခြင်းငှါ ထိုက်၏၊ သတ္တဝါအပေါင်း၏ ကောင်းမှု ပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏။
အဘယ်ခြောက်မျိုးတို့နည်းဟူမူ —
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် အဆင်းကို မြင်၍ ဝမ်းလည်းမသာဝမ်းလည်းမနည်း သတိ,သမ္ပဇဉ်နှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှုလျက် နေ၏။
နားဖြင့် အသံကို ကြား၍။
နှာခေါင်းဖြင့် အနံ့ကိုနမ်း၍။
လျှာဖြင့် အရသာကို လျက်၍။
ကိုယ်ဖြင့် အတွေ့အထိကို တွေ့ထိ၍။
စိတ်ဖြင့် သဘောတရားကို သိ၍ ဝမ်းလည်းမသာ ဝမ်းလည်းမနည်း သတိ,သမ္ပဇဉ်နှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှုလျက် နေ၏။
ရဟန်းတို့ ဤတရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အရပ်ဝေးမှ ဆောင်လာ၍သော်လည်းပေးလှူပူဇော်ရန် ထိုက်တန်၏၊ ဧည့်သည်တို့အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံထိုက်၏၊ လက်အုပ်ချီခြင်းငှါထိုက်၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏ဟု (မိန့်တော်မူ၏)။
မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောတော်မူ၏၊ ထိုရဟန်းတို့သည် မြတ်စွာဘုရားဟောတော်မူသော တရားတော်ကို အလွန်နှစ်လိုကုန်သည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကြလေကုန်သတည်း။
ပဌမသုတ်။