အင်္ဂုတ္တရနိကာယ်

(၇) ၂-သညာဝဂ်

၈-ဒုတိယ ဣဒ္ဓိပါဒသုတ်

၆၈။ ရဟန်းတို့ သစ္စာလေးပါးတရားကို မသိသေးမီ ဘုရားအလောင်းသာဖြစ်သော ငါသည် ငါးမျိုးသော တရားတို့ကို ပွါးများခဲ့ပြီ၊ ငါးမျိုးသောတရားတို့ကို ကြိမ်ဖန်များစွာ ပြုခဲ့ပြီ၊

အဘယ်တရား ငါးမျိုးတို့နည်းဟူမူ —

ဆန္ဒလျှင် အကြီးအမှှူူးရှိသော တည်ကြည်မှု ‘သမာဓိ’, ပြုပြင်တတ်သော အားထုတ်မှု ‘ပဓာနသင်္ခါရ’နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများခဲ့ပြီ။

ဝီရိယလျှင် အကြီးအမှူးရှိသော တည်ကြည်မှု ‘သမာဓိ’။ပ။

စိတ်လျှင် အကြီးအမှူးရှိသော တည်ကြည်မှု ‘သမာဓိ’။ပ။

ပညာလျှင် အကြီးအမှူးရှိသော တည်ကြည်မှု ‘သမာဓိ’, ပြုပြင်တတ်သော အားထုတ်မှု’ပဓာနသင်္ခါရ’ နှင့်ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများခဲ့ပြီ။

ငါးခုမြောက်ဖြစ်သော လွန်ကဲသော လုံ့လကိုသာလျှင် (ပွါးများခဲ့ပြီ)။

ရဟန်းတို့ လွန်ကဲသော လုံ့လလျှင် ငါးခုမြောက်ဖြစ်သော ဤတရားတို့ကို ပွါးများခြင်းကြောင့်ကြိမ်ဖန်များစွာ ပြုခြင်းကြောင့် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုအပ်သောတရားကို ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုရန် စိတ်ကို ညွတ်စေပြီ၊ (ရှေးဘဝအကြောင်းနှင့် ယခုဘဝအဘိညာဉ်၏အခြေခံ ဈာန်စသော) အကြောင်းရှိခဲ့သော် ထိုထိုအရာ၌ပင် သက်သေထိုက်သည့်အဖြစ် (ဣဒ္ဓိဝိဓအဘိညာဉ်စသည်)သို့ ရောက်၏၊ “များစွာသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေလို၏”။ပ။ “ဗြဟ္မာ့ပြည်တိုင်အောင်ကိုယ်ကို စိတ်အလိုအတိုင်း ဖြစ်စေလို၏”ဟု ထိုငါသည် အကယ်၍ အလိုရှိခဲ့မူ (အခြေခံ) အကြောင်းရှိခဲ့သော် ထိုထိုအရာ၌ပင် သက်သေထိုက်သည့်အဖြစ် (ဣဒ္ဓိဝိဓအဘိညာဉ်)သို့ ရောက်ခဲ့ပြီ၊ “အာသဝေါတရားတို့၏ကုန်ခြင်းကြောင့် အာသဝေါတရားမရှိသော ကိလေသာတို့မှ လွတ်မြောက်သော’အရဟတ္တဖိုလ်’ စိတ်နှင့် ကိလေသာတို့မှ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကို ယခု ဘဝ၌ပင်ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ရောက်၍ နေလို၏”ဟု ထိုငါသည် အကယ်၍အလိုရှိခဲ့မူ ထိုထိုအရာ၌ပင် သက်သေထိုက်သည့်အဖြစ် (အာသဝက္ခယဉာဏ်)သို့ ရောက်ခဲ့ပြီဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။