အင်္ဂုတ္တရနိကာယ်

(၈) ၃-ယောဓာဇီဝဝဂ်

၃-ပဌမ ဓမ္မဝိဟာရီသုတ်

၇၃။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား —

“အသျှင်ဘုရား တရားနှင့်နေလေ့ရှိသူ တရားနှင့်နေလေ့ရှိသူဟု ဆိုပါ၏၊ အသျှင်ဘုရား အဘယ်မျှလောက်ဖြင့် ရဟန်းသည် တရားနှင့်နေလေ့ရှိသူ ဖြစ်ပါသနည်း”ဟု လျှောက်၏။

ရဟန်း ဤသာသနာတော်၌ ရဟန်းသည် သုတ် ဂေယျ ဝေယျာကရဏ ဂါထာ ဥဒါန်း ဣတိဝုတ် ဇာတ်အဗ္ဘုတဓမ္မ ဝေဒလ္လဟူသော တရားကို သင်ယူ၏၊ ထိုရဟန်းသည် ထိုတရားတော်ကို သင်ယူခြင်းဖြင့်နေ့ကိုကုန်လွန်စေ၏၊ တစ်ယောက်တည်း ကိန်းအောင်းမှုကို စွန့်လွှတ်၏၊ မိမိ၏ အတွင်းသန္တာန်၌ စိတ်၏ (ကိလေသာမှ) ငြိမ်းမှုကို မကြိုးစား။

ရဟန်း ဤရဟန်းကို သင်ကြားမှု ‘ပရိယတ္တိ’ များသူဟုသာ ဆိုအပ်၏၊ တရားနှင့်နေလေ့ရှိသူဟူ၍ ကားမဆိုအပ်။

ရဟန်း နောက် တစ်မျိုးကား ရဟန်းသည် ကြားနာအပ် သင်ယူအပ်ပြီးတိုင်းသော တရားကိုအကျယ်အားဖြင့် သူတစ်ပါးတို့အား ဟော၏၊ ထိုရဟန်းသည် ထိုတရားကို သူတစ်ပါးတို့အား သိစေခြင်းဖြင့် နေ့ကိုကုန်လွန်စေ၏၊ တစ်ယောက်တည်း ကိန်းအောင်းမှုကို စွန့်လွှတ်၏၊ မိမိ၏ အတွင်းသန္တာန်၌ စိတ်၏ (ကိလေသာမှ) ငြိမ်းမှုကို မကြိုးစား။

ရဟန်း ဤရဟန်းကို သိစေခြင်း ‘ဝိညတ္တိ’များသူဟုသာ ဆိုအပ်၏။ တရားနှင့်နေလေ့ရှိသူဟူ၍ကားမဆိုအပ်။

ရဟန်း နောက် တစ်မျိုးကား ရဟန်းသည် ကြားနာအပ် သင်ယူအပ်ပြီးတိုင်းသော တရားကိုအကျယ်အားဖြင့် ရွတ်အံ (သရဇ္ဈာယ်) ခြင်းဖြင့် နေ့ကိုကုန်လွန်စေ၏၊ တစ်ယောက်တည်း ကိန်းအောင်းမှုကို စွန့်လွှတ်၏၊ မိမိ၏ အတွင်းသန္တာန်၌ စိတ်၏ (ကိလေသာမှ) ငြိမ်းမှုကို မကြိုးစား။

ရဟန်း ဤရဟန်းကို ရွတ်အံ ‘သရဇ္ဈာယ်’ ခြင်းများသူဟုသာ ဆိုအပ်၏၊ တရားနှင့်နေလေ့ရှိသူဟူ၍ကားမဆိုအပ်။

ရဟန်း နောက်တစ်မျိုးကား ရဟန်းသည် ကြားနာအပ် သင်ယူအပ်ပြီးတိုင်းသော တရားကို စိတ်ဖြင့်ကြံ၏၊ သုံးသပ်၏၊ စိတ်ဖြင့် အဖန်ဖန်ရှု၏၊ ထိုရဟန်းသည် ထိုတရားကို ကြံစည်ခြင်း ‘ဝိတက်’တို့ဖြင့်နေ့ကိုကုန်လွန်စေ၏၊ တစ်ယောက်တည်း ကိန်းအောင်းမှုကို စွန့်လွှတ်၏၊ မိမိ၏ အတွင်းသန္တာန်၌ စိတ်၏ (ကိလေသာမှ) ငြိမ်းမှုကို မကြိုးစား။

ရဟန်း ဤရဟန်းကို ကြံစည်ခြင်း ‘ဝိတက်’များသူဟုသာ ဆိုအပ်၏။ တရားနှင့်နေလေ့ရှိသူဟူ၍ကားမဆိုအပ်။

ရဟန်း ဤသာသနာတော်၌ ရဟန်းသည် သုတ် ဂေယျ ဝေယျာကရဏ ဂါထာ ဥဒါန်း ဣတိဝုတ် ဇာတ်အဗ္ဘုတဓမ္မ ဝေဒလ္လဟူသော တရားကို သင်ယူ၏၊ ထိုရဟန်းသည် ထိုတရားကို သင်ယူခြင်းဖြင့် နေ့ကိုမကုန်လွန်စေ၊ တစ်ယောက်တည်း ကိန်းအောင်းမှုကို မစွန့်လွှတ်၊ မိမိအတွင်းသန္တာန်၌ စိတ်၏ (ကိလေသာမှ) ငြိမ်းမှုကို ကြိုးစား၏။

ရဟန်း ဤသို့လျှင် ရဟန်းသည် တရားနှင့်နေလေ့ရှိသူ ဖြစ်၏။

ရဟန်း ဤသို့လျှင် ငါသည် သင်ကြား ‘ပရိယတ္တိ’ ခြင်းများသူကို ဟောပြီးပြီ၊ သူတစ်ပါးတို့အားသိစေခြင်း များသူကို ဟောပြီးပြီ၊ ရွတ်အံ ‘သရဇ္ဈာယ်’ခြင်းများသူကို ဟောပြီးပြီ၊ ကြံစည်ခြင်း ‘ဝိတက်’များသူကို ဟောပြီးပြီ၊ တရားနှင့်နေလေ့ရှိသူကို ဟောပြီးပြီ၊ ရဟန်း အစီးအပွါးကို ရှာလေ့ရှိ၍ သနားစောင့်ရှောက်တတ်သည့် ဆရာဖြစ်သော ငါသည် တပည့်တို့အား သနားစောင့်ရှောက်မှုကို အကြောင်းပြု၍သင်တို့အတွက် ထိုပြုဖွယ်ကို ငါပြုပြီးပြီ၊ ရဟန်း ဤသည်တို့ကား သစ်ပင်ရင်းတို့တည်း၊ ဤသည်တို့ကား ဆိတ်ငြိမ်ရာအရပ်တို့ပင်တည်း၊ ရဟန်း ကပ်၍ ရှုကြည့်ကြကုန်လော့၊ မမေ့မလျော့ကြကုန်လင့်၊ ့နောက်မှ (အားမထုတ်လိုက်ရ)ဟု နောင်တပူပန်ခြင်း မဖြစ်ကြစေကုန်လင့်၊ ဤသည်ကား သင်တို့အားငါတို့၏ အဆုံးအမပင်တည်းဟု (မိန့်တော်မူ၏)။

တတိယသုတ်။