အင်္ဂုတ္တရနိကာယ်
(၈) ၃-ယောဓာဇီဝဝဂ်
၄-ဒုတိယ ဓမ္မဝိဟာရီသုတ်
၇၄။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား —
“အသျှင်ဘုရား တရားနှင့်နေလေ့ရှိသူ တရားနှင့်နေလေ့ရှိသူဟု ဆိုပါ၏၊ အသျှင်ဘုရား အဘယ်မျှလောက် ဖြင့် ရဟန်းသည် တရားနှင့်နေလေ့ရှိသူ ဖြစ်ပါသနည်း”ဟု လျှောက်၏။
ရဟန်း ဤသာသနာတော်၌ ရဟန်းသည် သုတ် ဂေယျ ဝေယျာကရဏ ဂါထာ ဥဒါန်း ဣတိဝုတ် ဇာတ် အဗ္ဘုတဓမ္မ ဝေဒလ္လဟူသော တရားကို သင်ယူ၏၊ ထို့ထက် ပိုလွန်၍ကား ထိုတရား၏ အနက်ကိုပညာဖြင့် မသိ။
ရဟန်း ဤရဟန်းကို သင်ကြားမှု’ပရိယတ္တိ’ များသူဟူ၍သာ ဆိုအပ်၏၊ တရားနှင့် နေလေ့ရှိသူဟူ၍ကား မဆိုအပ်။
ရဟန်း နောက်တစ်မျိုးကား ရဟန်းသည် ကြားနာအပ် သင်ယူအပ်ပြီးတိုင်းသော တရားကိုအကျယ်အားဖြင့် သူတစ်ပါးတို့အား ဟောကြား၏၊ ထို့ထက် ပိုလွန်၍ကား ထိုတရား၏ အနက်ကိုပညာဖြင့် မသိ။
ရဟန်း ဤရဟန်းကို သိစေခြင်း ‘ဝိညတ္တိ’ များသူဟူ၍သာ ဆိုအပ်၏။ တရားနှင့်နေလေ့ရှိသူဟူ၍ ကားမဆိုအပ်။
ရဟန်း နောက်တစ်မျိုးကား ရဟန်းသည် ကြားနာအပ် သင်ယူအပ်ပြီးတိုင်းသော တရားကိုအကျယ်အားဖြင့် ရွတ်အံ (သရဇ္ဈာယ်) ခြင်းကို ပြု၏၊ ထို့ထက် ပိုလွန်၍ကား ထိုတရား၏ အနက်ကိုပညာ ဖြင့် မသိ။
ရဟန်း ဤရဟန်းကို ရွတ်အံ ‘သရဇ္ဈာယ်’ ခြင်းများသူဟူ၍သာ ဆိုအပ်၏။ တရားနှင့်နေလေ့ရှိသူဟူ၍ကား မဆိုအပ်။
ရဟန်း နောက်တစ်မျိုးကား ရဟန်းသည် ကြားနာအပ် သင်ယူအပ်ပြီးတိုင်းသော တရားကို စိတ်ဖြင့်ကြံစည်၏၊ သုံးသပ်၏၊ စိတ်ဖြင့် အဖန်ဖန်ရှု၏၊ ထို့ထက် ပိုလွန်၍ကား ထိုတရား၏ အနက်ကို ပညာဖြင့်မသိ။
ရဟန်း ဤရဟန်းကို ကြံစည်ခြင်း ‘ဝိတက်’များသူဟုသာ ဆိုအပ်၏၊ တရားနှင့်နေလေ့ရှိသူဟူ၍ကားမဆိုအပ်။
ရဟန်း ဤသာသနာတော်၌ ရဟန်းသည် သုတ် ဂေယျ ဝေယျာကရဏ ဂါထာ ဥဒါန်း ဣတိဝုတ် ဇာတ်အဗ္ဘုတဓမ္မ ဝေဒလ္လဟူသော တရားကို သင်ယူ၏၊ ထို့ထက် ပိုလွန်၍လည်း ထိုတရား၏ အနက်ကိုပညာဖြင့် သိ၏။ ိံ
ရဟန်း ဤသို့လျှင် ရဟန်းသည် တရားနှင့်နေလေ့ရှိသူ ဖြစ်၏။
ရဟန်း ဤသို့လျှင် ငါသည် သင်ကြားခြင်းများသူကို ဟောပြီးပြီ၊ သူတစ်ပါးတို့အား သိစေခြင်းများသူကို ဟောပြီးပြီ၊ ရွတ်အံ ‘သရဇ္ဈာယ်’ ခြင်းများသူကို ဟောပြီးပြီ၊ ကြံစည်ခြင်း ‘ဝိတက်’ များသူကိုဟောပြီးပြီ၊ တရားနှင့် နေလေ့ရှိသူကို ဟောပြီးပြီ။
ရဟန်း အစီးအပွါးကို ရှာလေ့ရှိ၍ သနားစောင့်ရှောက်တတ်သည့် ဆရာဖြစ်သော ငါသည် တပည့်တို့အား သနားစောင့်ရှောက်မှုကို အကြောင်းပြု၍ သင်တို့အတွက် ထိုပြုဖွယ်ကို ငါပြုပြီးပြီ၊ ရဟန်း့ဤသည်တို့ကား သစ်ပင်ရင်းတို့တည်း၊ ဤသည်တို့ကား ဆိတ်ငြိမ်ရာ အရပ်တို့ပင်တည်း၊ ရဟန်းကပ်၍ ရှုကြကုန်လော့၊ မမေ့မလျော့ကြကုန်လင့်၊ နောက်မှ (အားမထုတ်လိုက်ရ)ဟု နောင်တပူပန်ခြင်းမဖြစ်ကြစေကုန်လင့်၊ ဤသည်ကား သင်တို့အား ငါတို့၏ အဆုံးအမပင်တည်းဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။