အင်္ဂုတ္တရနိကာယ်
(၉) ၄-ထေရဝဂ်
၁-ရဇနီယသုတ်
၈၁။ ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော မထေရ်ရဟန်းသည် သီတင်းသုံးဖော်တို့၏ မချစ်အပ်သူ မမြတ်နိုးအပ်သူ အလေးအမြတ်မပြုအပ်သူ (နှလုံးကို) မပွါးစေတတ်သူ ဖြစ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
စွဲမက်ဖွယ် အာရုံ၌ စွဲမက်၏။
ပြစ်မှားဖွယ် အာရုံ၌ ပြစ်မှား၏။
တွေဝေဖွယ် အာရုံ၌ တွေဝေ၏။
အမျက်ထွက်ဖွယ် အာရုံ၌ အမျက်ထွက်၏။
ယစ်မူးဖွယ် အာရုံ၌ ယစ်မူး၏။
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော မထေရ်ရဟန်းသည် သီတင်းသုံးဖော်တို့၏ မချစ် အပ်သူမမြတ်နိုးအပ်သူ အလေးအမြတ်မပြုအပ်သူ (နှလုံးကို) မပွါးစေတတ်သူ ဖြစ်၏။
ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော မထေရ်ရဟန်းသည် သီတင်းသုံးဖော်တို့၏ ချစ်အပ်သူမြတ်နိုးအပ်သူ အလေးအမြတ်ပြုအပ်သူ (နှလုံးကို) ပွါးစေတတ်သူ ဖြစ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
စွဲမက်ဖွယ် အာရုံ၌ မစွဲမက်။
ပြစ်မှားဖွယ် အာရုံ၌ မပြစ်မှား။
တွေဝေဖွယ် အာရုံ၌ မတွေဝေ။
အမျက်ထွက်ဖွယ် အာရုံ၌ အမျက်မထွက်။
ယစ်မူးဖွယ် အာရုံ၌ မယစ်မူး။
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော မထေရ်ရဟန်းသည် သီတင်းသုံးဖော်တို့၏ ချစ်အပ်သူမြတ်နိုးအပ်သူ အလေးအမြတ်ပြုအပ်သူ (နှလုံးကို) ပွါးစေတတ်သူ ဖြစ်၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။