အင်္ဂုတ္တရနိကာယ်

(၈) ၃-ယောဓာဇီဝဝဂ်

၁ဝ-စတုတ္ထ အနာဂတဘယသုတ်

၈ဝ။ ရဟန်းတို့ ဤအနာဂတ်ဘေး ငါးမျိုးတို့သည် ယခုအခါ မဖြစ်ပေါ်သေးကုန်၊ နောင်အခါ၌ ဖြစ်ပေါ်ကုန်လိမ့်ဦးမည်၊ ထိုဘေးတို့ကို သင်တို့ သိရမည်၊ သိပြီး၍လည်း ထိုဘေးတို့ကို ပယ်ရန်အားထုတ်ရမည်။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

ရဟန်းတို့ အနာဂတ်ကာလ၌ ရဟန်းတို့သည် သင်္ကန်း၌ ကောင်းသည်ကို အလိုရှိကြကုန်လိမ့်မည်၊ ထိုရဟန်းတို့သည် သင်္ကန်း၌ ကောင်းသည်ကို အလိုရှိကြကုန်သည်ဖြစ်၍ ပံ့သကူဓူတင်ဆောင်ခြင်းကိုစွန့်လွှတ်ကြကုန်လိမ့်မည်၊ အစွန်အဖျားကျသော တောကျောင်းတို့ကို စွန့်လွှတ်ကြကုန်လိမ့်မည်၊ ရွာ နိဂုံးမင်းနေပြည်တို့၌ ဝင်ရောက်၍ နေကြကုန်လိမ့်မည်၊ သင်္ကန်းဟူသော အကြောင်းကြောင့်လည်း မလျောက်ပတ်သော များလှစွာသော မအပ်သောပစ္စည်း ရှာမှီးခြင်းသို့ ရောက်ကြကုန်လိမ့်မည်။

ရဟန်းတို့ ဤပဌမအနာဂတ်ဘေးသည် ယခုအခါ မဖြစ်ပေါ်သေး၊ နောင်အခါ၌ ဖြစ်ပေါ်လိမ့်မည်၊ ့ထိုဘေးကို သင်တို့ သိရမည်၊ သိပြီး၍လည်း ထိုဘေးကို ပယ်ရန် အားထုတ်ရမည်။

ရဟန်းတို့ နောက်တစ်မျိုးကား အနာဂတ်ကာလ၌ ရဟန်းတို့သည် ဆွမ်း၌ ကောင်းသည်ကိုအလိုရှိကြကုန်လိမ့်မည်၊ ထိုရဟန်းတို့သည် ဆွမ်း၌ ကောင်းသည်ကို အလိုရှိကြကုန်သည်ဖြစ်၍ ပိဏ္ဍပါတ်ဓူတင်ဆောင်ခြင်းကို စွန့်လွှတ်ကြကုန်လိမ့်မည်၊ အစွန်အဖျားကျသော တောကျောင်းတို့ကို စွန့်လွှတ်ကြကုန်လိမ့်မည်၊ ရွာ နိဂုံး မင်းနေပြည်တို့၌ ဝင်ရောက်၍ လျှာဖျားဖြင့် မြတ်သော အရသာတို့ကို ရှာမှီးကုန်လျက် နေကြကုန်လိမ့်မည်၊ ဆွမ်းဟူသော အကြောင်းကြောင့်လည်း မလျောက်ပတ်သော များလှစွာသော မအပ်သောပစ္စည်း ရှာမှီးခြင်းသို့ ရောက်ကြကုန်လိမ့်မည်။

ရဟန်းတို့ ဤဒုတိယအနာဂတ်ဘေးသည် ယခုအခါ မဖြစ်ပေါ်သေး၊ နောင်အခါ၌ ဖြစ်ပေါ်လိမ့်မည်၊ ထိုဘေးကို သင်တို့ သိရမည်၊ သိပြီး၍လည်း ထိုဘေးကို ပယ်ရန် အားထုတ်ရမည်။

ရဟန်းတို့ နောက်တစ်မျိုးကား အနာဂတ်ကာလ၌ ရဟန်းတို့သည် ကျောင်း၌ ကောင်းသည်ကိုအလိုရှိကြကုန်လိမ့်မည်၊ ထိုရဟန်းတို့သည် ကျောင်း၌ ကောင်းသည်ကို အလိုရှိကြကုန်သည်ဖြစ်၍ (သစ်ပင်ရင်း၌ နေခြင်းဟု ဆိုအပ်သော) ရုက္ခမူဓူတင်ဆောင်ခြင်းကို စွန့်လွှတ်ကြကုန်လိမ့်မည်၊ အစွန်အဖျားကျသော တောကျောင်းတို့ကို စွန့်လွှတ်ကြကုန်လိမ့်မည်၊ ရွာ နိဂုံး မင်းနေပြည်တို့၌ ဝင်ရောက်၍နေကြကုန်လိမ့်မည်၊ ကျောင်းဟူသော အကြောင်းကြောင့်လည်း မလျောက်ပတ်သော များလှစွာသောမအပ် သောပစ္စည်း ရှာမှီးခြင်းသို့ ရောက်ကြကုန်လိမ့်မည်။

ရဟန်းတို့ ဤတတိယအနာဂတ်ဘေးသည် ယခုအခါ မဖြစ်ပေါ်သေး၊ နောင်အခါ၌ ဖြစ်ပေါ်လိမ့်မည်၊ ထိုဘေးကို သင်တို့ သိရမည်၊ သိပြီး၍လည်း ထိုဘေးကို ပယ်ရန် အားထုတ်ရမည်။

ရဟန်းတို့ နောက်တစ်မျိုးကား အနာဂတ်ကာလ၌ ရဟန်းတို့သည် ဘိက္ခုနီ သိက္ခမာန် သာမဏေတို့နှင့် ရောနှော၍ နေကြကုန်လိမ့်မည်၊ ရဟန်းတို့ ဘိက္ခုနီ သိက္ခမာန် သာမဏေတို့နှင့် ရောနှော၍ နေသည်ရှိသော် “မမွေ့လျော်သည်ဖြစ်၍လည်း မြတ်သော အကျင့်ကို ကျင့်ကြကုန်လိမ့်မည်၊ ညစ်နွမ်းသောအာပတ်တစ်ခုခုသို့မူလည်း ရောက်ကြကုန်လိမ့်မည် သိက္ခာချ ၍မူလည်း လူထွက်ကြကုန်လိမ့်မည်”ဟူသော အကျိုးကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။

ရဟန်းတို့ ဤစတုတ္ထအနာဂတ်ဘေးသည် ယခုအခါ မဖြစ်ပေါ်သေး၊ နောင်အခါ၌ ဖြစ်ပေါ်လိမ့်မည်၊ ထိုဘေးကို သင်တို့ သိရမည်၊ သိပြီး၍လည်း ထိုဘေးကို ပယ်ရန် အားထုတ်ရမည်။

ရဟန်းတို့ နောက်တစ်မျိုးကား အနာဂတ်ကာလ၌ ရဟန်းတို့သည် အရံစောင့်, သာမဏေတို့နှင့်ရောနှော၍ နေကြကုန်လိမ့်မည်၊ ရဟန်းတို့ အရံစောင့် သာမဏေတို့နှင့် ရောနှော၍ နေသည်ရှိသော်”များစွာသော သိုမှီးသုံးဆောင်ခြင်းကို လုံ့လပြု၍ နေကြကုန်လိမ့်မည်၊ မြေကြီး၌လည်းကောင်း၊ စိမ်းသော သစ်ပင်စု၌လည်းကောင်း ရုန့်ရင်းသိသာသော နိမိတ်အမှတ်ကိုလည်းပြကြကုန်လိမ့်မည်”ဟူသော အကျိုး ကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။

ရဟန်းတို့ ဤပဉ္စမအနာဂတ်ဘေးသည် ယခုအခါ မဖြစ်ပေါ်သေး၊ နောင်အခါ၌ ဖြစ်ပေါ်လိမ့်မည်၊ ထိုဘေးကို သင်တို့ သိရမည်၊ သိပြီး၍လည်း ထိုဘေးကို ပယ်ရန် အားထုတ်ရမည်။

ရဟန်းတို့ ဤအနာဂတ် ဘေးငါးမျိုးတို့သည် ယခုအခါ မဖြစ်ပေါ်သေးကုန်၊ နောင်အခါ၌ ဖြစ်ပေါ်ကုန်လိမ့်မည်၊ ထိုဘေးတို့ကို သင်တို့ သိရမည်၊ သိပြီး၍လည်း ထိုဘေးတို့ကို ပယ်ရန် အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

သုံးခုမြောက် ယောဓာဇီဝဝဂ် ပြီး၏။