အင်္ဂုတ္တရနိကာယ်
၁ဝ-အာနိသံသဝဂ်
၉-အတမ္မယသုတ်
၁ဝ၄။ ရဟန်းတို့ အကျိုးခြောက်မျိုးတို့ကို ကောင်းစွာ မြင်သော ရဟန်းသည် အလုံးစုံသောတရားတို့၌ အပိုင်းအခြားကို မပြုမူ၍ အနတ္တသညာကို ဖြစ်စေရန် သင့်သည်သာတည်း။
အဘယ်ခြောက်မျိုးတို့နည်းဟူမူ—
ငါသည် အလုံးစုံသော လောက၌လည်း တဏှာဒိဋ္ဌိတို့မှ ကင်းရပေလိမ့်မည်။
ငါဟူသော စွဲယူမှု အခြင်းအရာ (ဒိဋ္ဌိ) တို့သည်လည်း ငါ့အား ချုပ်ကုန်လိမ့်မည်။
ငါ၏ ဥစ္စာဟူသော စွဲမက်မှု တဏှာတို့သည်လည်း ငါ့အား ချုပ်ကုန်လိမ့်မည်။
ငါသည် (ပုထုဇဉ်တို့နှင့်) မဆက်ဆံသော ဉာဏ်နှင့် ပြည့်စုံလိမ့်မည်။
ငါ့အား အကြောင်းတရားတို့ကို ကောင်းစွာ မြင်ရပေလိမ့်မည်။
အကြောင်းကြောင့်ဖြစ်သော အကျိုးတရားတို့ကိုလည်း ကောင်းစွာ မြင်ရပေလိမ့်မည်။
ရဟန်းတို့ ဤအကျိုးခြောက်မျိုးတို့ကို ကောင်းစွာ မြင်သော ရဟန်းသည် အလုံးစုံသော တရားတို့၌ အပိုင်းအခြားကို မပြုမူ၍ အနတ္တသညာကို ဖြစ်စေရန် သင့်သည်သာတည်းဟု (မိန့်တော်မူ၏)။
နဝမသုတ်။