အင်္ဂုတ္တရနိကာယ်
၁ဝ-အာနိသံသဝဂ်
၈-ဥက္ခိတ္တာသိကသုတ်
၁ဝ၃။ ရဟန်းတို့ အကျိုးခြောက်မျိုးတို့ကို ကောင်းစွာ မြင်သောရဟန်းသည် အလုံးစုံသော သင်္ခါရ တို့၌ အပိုင်းအခြားကို မပြုမူ၍ ဒုက္ခသညာကို ဖြစ်စေရန် သင့်သည်သာတည်း။
အဘယ်ခြောက်မျိုးတို့နည်းဟူမူ—
သန်လျက်မြှောက်ချီသော သူသတ်ယောကျာ်း၌ ငြီးငွေ့သကဲ့သို့ အလုံးစုံသော သင်္ခါရတို့၌လည်းငြီးငွေ့သော သညာသည် ငါ့အား ရှေးရှုတည်လိမ့်မည်။
အလုံးစုံသော လောကမှလည်း ငါ၏ စိတ်သည် ထမြောက်လိမ့်မည်။
နိဗ္ဗာန်၌လည်း အေးငြိမ်းမှုကို မြင်ရပေလိမ့်မည်။
ငါ့အား ကိန်းအောင်းနေသော အနုသယကိလေသာတို့သည်လည်း အကြွင်းမဲ့ ပြတ်ခြင်းသို့ ရောက်ကုန်လိမ့်မည်။
ရဟန်းကိစ္စကို ပြုလေ့ရှိသည်လည်း ဖြစ်လိမ့်မည်။
မေတ္တာနှင့်ယှဉ်သော လုပ်ကျွေးခြင်းဖြင့်လည်း ငါသည် မြတ်စွာဘုရားကို လုပ်ကျွေးရပေလိမ့်မည်။
ရဟန်းတို့ ဤအကျိုးခြောက်မျိုးတို့ကို ကောင်းစွာ မြင်သော ရဟန်းသည် အလုံးစုံသော သင်္ခါရတို့၌ အပိုင်းအခြားကို မပြုမူ၍ ဒုက္ခသညာကို ဖြစ်စေရန် သင့်သည်သာတည်းဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။