အင်္ဂုတ္တရနိကာယ်
၁၁-တိကဝဂ်
၁-ရာဂသုတ်
၁ဝ၇။ ရဟန်းတို့ တရားတို့သည် သုံးမျိုးတို့တည်း။
အဘယ်သုံးမျိုးတို့နည်းဟူမူ—
စွဲမက်မှု ‘ရာဂ’၊ အမျက်ထွက်မှု ‘ဒေါသ’၊ တွေဝေမှု ‘မောဟ’ တို့တည်း။
ရဟန်းတို့ တရားတို့သည် ဤသုံးမျိုးတို့တည်း။
ရဟန်းတို့ ဤသုံးမျိုးသော တရားတို့ကို ပယ်ရန် တရားသုံးမျိုးတို့ကို ပွါးများအပ်ကုန်၏။
အဘယ်သုံးမျိုးတို့နည်းဟူမူ—
စွဲမက်မှု ‘ရာဂ’ ကို ပယ်ရန် မတင့်တယ်မှု ‘အသုဘ’ ကို ပွါးများအပ်၏။
အမျက်ထွက်မှု ‘ဒေါသ’ ကို ပယ်ရန် ချစ်ခင်မှု ‘မေတ္တာ’ ကို ပွါးများအပ်၏။
တွေဝေမှု ‘မောဟ’ ကို ပယ်ရန် သိမှု ‘ပညာ’ ကို ပွါးများအပ်၏။
ရဟန်းတို့ ဤသုံးမျိုးသော တရားတို့ကို ပယ်ရန် ဤတရားသုံးမျိုးတို့ကို ပွါးများအပ်ကုန်၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။