အင်္ဂုတ္တရနိကာယ်
၂-သာရဏီယဝဂ်
၁ဝ-ဒုတိယ မရဏဿတိသုတ်
၂ဝ။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် နာတိကရွာ အုတ်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ဤသို့ မိန့်တော်မူ၏—
ရဟန်းတို့ မရဏဿတိကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော် အကျိုးကြီး၏၊ အာနိသင်ကြီး၏၊ အမြိုက်နိဗ္ဗာန်သို့ သက်ဝင်၏၊ အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိ၏၊ ရဟန်းတို့ မရဏဿတိကို အဘယ်သို့ ပွါးများအပ် အဘယ်သို့ ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော် အကျိုးကြီးသည်အာနိသင်ကြီးသည် အမြိုက်နိဗ္ဗာန်သို့ သက်ဝင်သည် အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိသည် ဖြစ်သနည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် နေ့ကို လွန်မြောက် ညဉ့်သို့ ရောက်သည်ရှိသော် ဤသို့ဆင်ခြင်၏—
“ငါ့အား သေခြင်းအကြောင်းတို့သည် များပြားလှကုန်၏၊ မြွေမူလည်း ကိုက်ရာ၏၊ ကင်းမြီးကောက်မူလည်း ကိုက်ရာ၏၊ ကင်းခြေများမူလည်း ကိုက်ရာ၏၊ ထို့ကြောင့် ငါသေဆုံးလေရာ၏၊ ထိုမြွေစသည် ကိုက်ခြင်းသည် ငါအား အန္တရာယ်ဖြစ်ရာ၏၊ ချော်၍မူလည်း လဲရာ၏၊ ငါစားသောအစာမူလည်း (မကျေဘဲ) ဖောက်ပြန်ရာ၏၊ ငါ့အား သည်းခြေသော်လည်း ပျက်ရာ၏၊ ငါ့အားသလိပ်သော်လည်း ပျက် ရာ၏၊ ငါ့အား လေသင်တုန်းတို့သော်လည်း ဖြတ်ကုန်ရာ၏၊ ထိုလေသင်တုန်းဖြတ်ခြင်းကြောင့် ငါ သေဆုံး လေရာ၏၊ ထိုလေသင်တုန်းဖြတ်ခြင်းသည် ငါအားအန္တရာယ်ဖြစ်ရာ၏”ဟု (ဆင်ခြင်ရာ၏)။
ရဟန်းတို့ ထိုရဟန်းသည် “ညဉ့်အခါ၌ သေသော ငါ့အား အန္တရာယ်ပြုမည့် မပယ်အပ်သေးသည့်ယုတ်ညံ့သော အကုသိုလ်တရားတို့ ရှိကုန်သလော”ဟု ဆင်ခြင်အပ်၏။
ရဟန်းတို့ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ညဉ့်အခါ၌ သေသော ငါ့အား အန္တရာယ်ပြုမည့်မပယ်အပ်သေးသည့် ယုတ်ညံ့သော အကုသိုလ်တရားတို့ ရှိကုန်၏”ဟု အကယ်၍ သိပါမူ ရဟန်းတို့ ထိုသိသော ရဟန်းသည် ယုတ်ညံ့သော ထိုအကုသိုလ်တရားတို့ကို ပယ်ရန်သာလျှင် လွန်ကဲသော ပြုလိုမှု’ဆန္ဒ’ကိုလည်းကောင်း၊ လုံ့လကိုလည်းကောင်း၊ အားထုတ်မှုကိုလည်းကောင်း၊ အတိုင်းထက်အလွန် အားထုတ်မှုကိုလည်းကောင်း၊ မဆုတ်နစ်မှုကိုလည်းကောင်း၊ သတိကိုလည်းကောင်း၊ ဆင်ခြင်ဉာဏ်ကိုလည်းကောင်း ပြုအပ်၏။
ရဟန်းတို့ ပုဆိုး၌ မီးလောင်သူသည်လည်းကောင်း၊ ဦးခေါင်း၌ မီးလောင်သူသည်လည်းကောင်း၊ ထိုပုဆိုးထိုဦးခေါင်းကို မီးငြိမ်းစေရန် လွန်ကဲသော ပြုလိုမှု ‘ဆန္ဒ’ လုံ့လ အားထုတ်မှု အတိုင်းထက် အလွန်အားထုတ်မှု မဆုတ်နစ်မှု သတိ ဆင်ခြင်ဉာဏ်ကို ပြုရာသကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင်ထိုရဟန်းသည် ယုတ်ညံ့သော ထိုအကုသိုလ်တရားတို့ကို ပယ်ရန်သာလျှင် လွန်ကဲသော ပြုလိုမှု ‘ဆန္ဒ’ကိုလည်းကောင်း၊ လုံ့လကိုလည်းကောင်း၊ အားထုတ်မှုကိုလည်းကောင်း၊ အတိုင်းထက်အလွန်အားထုတ်မှုကိုလည်းကောင်း၊ မဆုတ်နစ်မှုကိုလည်းကောင်း၊ သတိကိုလည်းကောင်း၊ ့ဆင်ခြင်ဉာဏ်ကိုလည်းကောင်း ပြုအပ်၏။
ရဟန်းတို့ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ညဉ့်အခါ၌ သေသော ငါ့အား အန္တရာယ်ပြုမည့်မပယ်အပ်သေးသည့် ယုတ်ညံ့သော အကုသိုလ်တရားတို့ မရှိကုန်”ဟု အကယ်၍ သိပါမူ ရဟန်းတို့ ထိုရဟန်းသည် ကုသိုလ်တရားတို့၌ ညဉ့် နေ့တို့ပတ်လုံး အဖန်ဖန်ကျင့်သည်ဖြစ်၍ ထိုနှစ်သက်ဝမ်းမြောက်မှုဖြင့်ပင်လျှင် နေအပ်၏။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ညဉ့်ကို လွန်မြောက် နေ့သို့ ရောက်သည်ရှိသော် ဤသို့ဆင်ခြင်၏—
“ငါ့အား သေခြင်း၏ အကြောင်းတို့သည် များပြားလှကုန်၏၊ မြွေမူလည်း ကိုက်ရာ၏၊ ကင်းမြီးကောက်မူလည်း ကိုက်ရာ၏၊ ကင်းခြေများမူလည်း ကိုက်ရာ၏၊ ထိုမြွေစသည် ကိုက်ခြင်းကြောင့် ငါသေဆုံးလေရာ၏၊ ထိုမြွေစသည် ကိုက်ခြင်းသည် ငါအား အန္တရာယ်ဖြစ်ရာ၏၊ ချော်၍မူလည်း လဲရာ၏၊ ငါစားသော အစာမူလည်း (မကျေဘဲ) ဖောက်ပြန်ရာ၏၊ ငါ့အား သည်းခြေသော်လည်း ပျက်ရာ၏၊ ငါ့အားသလိပ်သော်လည်း ပျက်ရာ၏၊ ငါ့အား လေသင်တုန်းတို့သော်လည်း ဖြတ်ကုန်ရာ၏၊ ထိုလေသင်တုန်းဖြတ်ခြင်းကြောင့် ငါသေဆုံးလေရာ၏၊ ထိုလေသင်တုန်းဖြတ်ခြင်းသည် ငါအား အန္တရာယ်ဖြစ်ရာ၏”ဟု (ဆင်ခြင်ရာ၏)။
ရဟန်းတို့ ထိုရဟန်းသည် “နေ့အခါ၌ သေသော ငါ့အား အန္တရာယ်ကို ပြုမည့် မပယ်အပ်သေး သည့်ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ငါ့အား ရှိကုန်သလော”ဟု ဆင်ခြင်အပ်၏။
ရဟန်းတို့ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “နေ့အခါ၌ သေသော ငါ့အား အန္တရာယ်ပြုမည့်မပယ်အပ်သေးသည့် ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ငါ့အား ရှိကုန်၏”ဟု အကယ်၍ သိပါမူရဟန်းတို့ ထိုသိသော ရဟန်းသည် ယုတ်ညံ့ကုန်သော ထိုအကုသိုလ်တရားတို့ကို ပယ်ရန်သာလျှင်လွန်ကဲ သော ပြုလိုမှု’ဆန္ဒ’ကိုလည်းကောင်း၊ လုံ့လကိုလည်းကောင်း၊ အားထုတ်မှုကိုလည်းကောင်း၊ အတိုင်းထက် အလွန် အားထုတ်မှုကိုလည်းကောင်း၊ မဆုတ်နစ်မှုကိုလည်းကောင်း၊ သတိကိုလည်းကောင်း၊ ဆင်ခြင်ဉာဏ် ကိုလည်းကောင်း ပြုအပ်၏။
ရဟန်းတို့ ပုဆိုး၌ မီးလောင်သူသည်လည်းကောင်း၊ ဦးခေါင်း၌ မီးလောင်သူသည်လည်းကောင်း၊ ထိုပုဆိုးထိုဦးခေါင်းကို မီးငြိမ်းစေရန် လွန်ကဲသော ပြုလိုမှု ‘ဆန္ဒ’ လုံ့လ အားထုတ်မှု အတိုင်းထက် အလွန်အားထုတ်မှု မဆုတ်နစ်မှု သတိ ဆင်ခြင်ဉာဏ်ကို ပြုရာသကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင်ထိုရဟန်းသည် ယုတ်ညံ့ကုန်သော ထိုအကုသိုလ်တရားတို့ကို ပယ်ရန်သာလျှင် လွန်ကဲသော ပြုလိုမှု ‘ဆန္ဒ’ ကိုလည်းကောင်း၊ လုံ့လကိုလည်းကောင်း၊ အားထုတ်မှုကိုလည်းကောင်း၊ အတိုင်းထက်အလွန် အားထုတ်မှုကိုလည်းကောင်း၊ မဆုတ်နစ်မှုကိုလည်းကောင်း၊ သတိကိုလည်းကောင်း၊ ဆင်ခြင်ဉာဏ်ကိုလည်းကောင်းပြုအပ်၏။
ရဟန်းတို့ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “နေ့အခါ၌ သေသော ငါ့အား အန္တရာယ်ကို ပြုမည့်မပယ်အပ်သေးသည့် ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ငါ့အား မရှိကုန်”ဟု အကယ်၍ သိပါမူရဟန်းတို့ ထိုရဟန်းသည် ကုသိုလ်တရားတို့၌ ညဉ့် နေ့တို့ပတ်လုံး အဖန်ဖန်ကျင့်သည်ဖြစ်၍ ထိုနှစ်သက် ဝမ်းမြောက်မှုဖြင့်ပင်လျှင် နေအပ်၏။
ရဟန်းတို့ မရဏဿတိကို ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော် အကျိုး ကြီး၏၊ အာနိသင်ကြီး၏၊ အမြိုက်နိဗ္ဗာန်သို့ သက်ဝင်၏၊ အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိ၏ဟု (မိန့်တော်မူ၏)။
ဒသမသုတ်။
နှစ်ခုမြောက် သာရဏီယဝဂ် ပြီး၏။