အင်္ဂုတ္တရနိကာယ်
၃-အနုတ္တရိယဝဂ်
၁-သာမကသုတ်
၂၁။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း သာမရွာ ပေါက္ခရဏိယမည်သော ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။
ထိုအခါ နတ်သားတစ်ယောက်သည် ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အခါ၌ အလွန်နှစ်သက်ဖွယ်အဆင်းရှိသည်ဖြစ်၍ ပေါက္ခရဏိယတစ်ကျောင်းလုံးကို ကိုယ်ရောင်ကိုယ်ဝါဖြင့် တောက်ပစေလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်လျက် မြတ်စွာဘုရားအား—
အသျှင်ဘုရား ဤတရားသုံးပါးတို့သည် ရဟန်းအား ဆုတ်ယုတ်ရန် ဖြစ်ပါကုန်၏။
အဘယ်သုံးပါးတို့နည်းဟူမူ—
အမှုသစ်၌ မွေ့လျော်ခြင်း။
စကားပြောမှု၌ မွေ့လျော်ခြင်း။
အိပ်မှု၌ မွေ့လျော်ခြင်းတို့ပါတည်း။
အသျှင်ဘုရား ဤတရားသုံးပါးတို့သည် ရဟန်းအား ဆုတ်ယုတ်ရန် ဖြစ်ပါကုန်၏ဟု လျှောက်၏။
ထိုနတ်သားသည် ဤစကားကို လျှောက်၏။
မြတ်စွာဘုရားသည် နှစ်သက်လိုက်လျောတော်မူ၏၊ ထိုအခါ ထိုနတ်သားသည် “ငါ့အား မြတ်စွာဘုရားသည် နှစ်သက်လိုက်လျောတော်မူ၏”ဟု (သိ၍) မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေပြုကာထို အရပ်၌ပင် ကွယ်ပျောက်လေ၏။
မြတ်စွာဘုရားသည် ထိုညဉ့်လွန်သောအခါ ရဟန်းတို့ကို—
ရဟန်းတို့ ဤညဉ့်၌ နတ်သားတစ်ဦးသည် ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အခါ၌ အလွန်နှစ်သက်ဖွယ် အဆင်းရှိသည်ဖြစ်၍ ပေါက္ခရဏိယ တစ်ကျောင်းလုံးကို ကိုယ်ရောင်ကိုယ်ဝါဖြင့် တောက်ပစေလျက် ငါ့ထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်လျက် ငါ့အား—
“အသျှင်ဘုရား ဤတရားသုံးပါးတို့သည် ရဟန်းအား ဆုတ်ယုတ်ရန် ဖြစ်ပါကုန်၏။
အဘယ်သုံးပါးတို့နည်းဟူမူ—
အမှုသစ်၌ မွေ့လျော်ခြင်း။
စကားပြောမှု၌ မွေ့လျော်ခြင်း။
အိပ်မှု၌ မွေ့လျော်ခြင်းတို့ပါတည်း။
အသျှင်ဘုရား ဤတရားသုံးပါးတို့သည် ရဟန်းအား ဆုတ်ယုတ်ရန် ဖြစ်ပါကုန်၏”ဟု လျှောက်၏။
ရဟန်းတို့ ထိုနတ်သားသည် ဤစကားကို လျှောက်ပြီးလျှင် ငါ့ကို ရှိခိုးလျက် အရိုအသေပြုကာထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။
ရဟန်းတို့ အကြင်ရဟန်းတို့အား ကုသိုလ်တရားတို့မှ ဆုတ်ယုတ်နေသည်တို့ကို နတ်တို့သော်မှလည်းသိကြကုန်၏၊ ထိုရဟန်းတို့သည် အရမတော်ကြကုန်စွတကား၊ ထိုရဟန်းတို့သည် မကောင်းသဖြင့်ရကြလေကုန်စွ တကား။
ရဟန်းတို့ အခြားဆုတ်ယုတ်ကြောင်း ပရိဟာနိယတရားတို့ကိုလည်း ဟောကြားပေအံ့၊ ထိုတရားကိုနာကြကုန်၊ ကောင်းစွာ နှလုံးသွင်းကြကုန်၊ ဟောကြားပေအံ့ဟု မိန့်တော်မူ၏။
“အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။
မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောကြားတော်မူ၏—
ရဟန်းတို့ ဆုတ်ယုတ်ကြောင်း ပရိဟာနိယတရားသုံးမျိုးတို့သည် အဘယ်တို့နည်းဟူမူ—
အပေါင်းအဖော်၌ မွေ့လျော်ခြင်း။
ဆုံးမခက်သော စကားရှိသူဖြစ်ခြင်း။
ယုတ်မာသော အဆွေခင်ပွန်းရှိခြင်းတို့တည်း။
ရဟန်းတို့ ဆုတ်ယုတ်ကြောင်း တရားတို့သည် ဤသုံးမျိုးတို့ပင်တည်း။
ရဟန်းတို့ လွန်လေပြီးသောအခါ၌ ကုသိုလ်တရားတို့မှ ဆုတ်ယုတ်ခဲ့ကြသည့် ရဟန်းအားလုံးတို့သည်ဤ တရားခြောက်မျိုးတို့ကြောင့်သာလျှင် ကုသိုလ်တရားတို့မှ ဆုတ်ယုတ်ခဲ့ကြကုန်၏။
ရဟန်းတို့ နောင်အခါ၌ ကုသိုလ်တရားတို့မှ ဆုတ်ယုတ်ကြသည့် ရဟန်းအားလုံးတို့သည် ဤတရားခြောက်မျိုးတို့ကြောင့်သာလျှင် ကုသိုလ်တရားတို့မှ ဆုတ်ယုတ်ကြကုန်လိမ့်မည်။
ရဟန်းတို့ ယခုအခါ၌ ကုသိုလ်တရားတို့မှ ဆုတ်ယုတ်ကြသည့် ရဟန်းအားလုံးတို့သည် ဤတရားခြောက်မျိုးတို့ကြောင့်သာလျှင် ကုသိုလ်တရားတို့မှ ဆုတ်ယုတ်ကြကုန်၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။