အင်္ဂုတ္တရနိကာယ်
၄-ဒေဝတာဝဂ်
၈-အတ္တကာရီသုတ်
၃၈။ ထိုအခါ၌ ပုဏ္ဏားတစ်ယောက်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့် အတူဝမ်းမြောက်မြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား —
“အသျှင်ဂေါတမ အကျွန်ုပ်သည်ကား ‘မိမိပြုအပ်သော ကိစ္စသည် မရှိ၊ သူတစ်ပါး ပြုအပ်သောကိစ္စသည် မရှိ’ဟု ဤသို့ ဆိုလေ့ရှိပါသည်၊ ဤသို့ ယူလေ့ရှိပါသည်”ဟု လျှောက်၏။
ပုဏ္ဏား ငါသည် ဤသို့ဆိုလေ့ရှိသူ ဤသို့ယူလေ့ရှိသူကို မြင်လည်း မမြင်ဖူး၊ ကြားလည်း မကြားဖူး၊ မိမိသည် ရှေ့သို့ တက်ပါလျက် မိမိသည် နောက်သို့ ဆုတ်ပါလျက် အဘယ့်ကြောင့် “မိမိပြုသောကိစ္စသည် မရှိ၊ သူတစ်ပါးပြုသော ကိစ္စသည် မရှိ”ဟု ဤသို့ ဆိုဘိသနည်း။
ပုဏ္ဏား ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။
ရှေးဦးစွာ အားထုတ်မှုသဘော ‘အာရဗ ္ဘဓာတ်’ သည် ရှိသလောဟု (မေးတော်မူ၏)။
အသျှင်ဘုရား ရှိပါ၏။
ရှေးဦးစွာ အားထုတ်မှုသဘော ‘အာရဗ ္ဘဓာတ်’ ရှိလျှင် ရှေးဦးစွာ အားထုတ်မှုသဘော ‘အာရဗ ္ဘဓာတ်’နှင့် ပြည့်စုံသော သတ္တဝါတို့သည် ထင်ရှားရှိကုန်သလောဟု (မေးတော်မူ၏)။
အသျှင်ဘုရား ရှိပါ၏။
ပုဏ္ဏား ရှေးဦးစွာ အားထုတ်မှုသဘော ‘အာရဗ ္ဘဓာတ်’ ရှိလျှင် ရှေးဦးစွာ အားထုတ်မှုသဘော ‘အာရဗ ္ဘဓာတ်’နှင့် ပြည့်စုံသော သတ္တဝါတို့သည် ထင်ရှားကုန်၏၊ ဤသည်ပင် သတ္တဝါတို့၏ မိမိပြုသောကိစ္စတည်း၊ ဤသည်ပင် သူတစ်ပါးတို့ ပြုသော ကိစ္စတည်း။
ပုဏ္ဏား ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ (ပျင်းရိခြင်းမှ) ထွက်မြောက်မှုသဘော ‘နိက္ကမဓာတ်’သည် ရှိသလော။ပ။
အဆင့်ဆင့် အားထုတ်မှုသဘော ‘ပရက္ကမဓာတ်’ သည် ရှိသလော။
အားအစွမ်းဟု ဆိုအပ်သော သဘော ‘ထာမဓာတ်’သည် ရှိသလော။
တည်ခြင်းသဘော ‘ဌိတိဓာတ်’သည် ရှိသလော။
လွန်စွာ အားထုတ်မှုသဘော ‘ဥပက္ကမဓာတ်’သည် ရှိသလောဟု (မေးတော်မူ၏)။
အသျှင်ဘုရား ရှိပါ၏။
လွန်စွာ အားထုတ်မှုသဘော ‘ဥပက္ကမဓာတ်’ ထင်ရှားရှိလျှင် လွန်စွာ အားထုတ်မှုသဘော ‘ဥပက္ကမဓာတ်’နှင့် ပြည့်စုံကုန်သော သတ္တဝါတို့သည် ထင်ရှားရှိကုန်သလောဟု (မေးတော်မူ၏)။
အသျှင်ဘုရား ထင်ရှားရှိပါကုန်၏။
ပုဏ္ဏား လွန်စွာ အားထုတ်မှုသဘော ‘ဥပက္ကမဓာတ်’ရှိလျှင် လွန်စွာ အားထုတ်မှုသဘော ‘ဥပက္ကမဓာတ်’နှင့် ပြည့်စုံကုန်သော သတ္တဝါတို့ ထင်ရှားကုန်၏၊ ဤသည်ပင် သတ္တဝါတို့၏ မိမိပြုအပ်သောကိစ္စတည်း၊ ဤသည်ပင် သူတစ်ပါးပြုအပ်သော ကိစ္စတည်း။
ပုဏ္ဏား ငါသည် ဤသို့ဆိုလေ့ရှိသူ ဤသို့ယူလေ့ရှိသူကို မြင်လည်း မမြင်ဖူး၊ ကြားလည်း မကြားဖူး၊ မိမိသည် ရှေ့သို့ တက်ပါလျက် မိမိသည် နောက်သို့ ဆုတ်ပါလျက် အဘယ့်ကြောင့် “မိမိပြုသောကိစ္စသည် မရှိ၊ သူတစ်ပါးပြုသော ကိစ္စသည် မရှိ”ဟု ဤသို့ ဆိုဘိသနည်း။
အသျှင်ဂေါတမ တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါ၏။ပ။ အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သော ‘ဥပါသကာ’ဟူ၍ မှတ်တော်မူပါဟု (လျှောက်၏)။
အဋ္ဌမသုတ်။