အင်္ဂုတ္တရနိကာယ်
၄-ဒေဝတာဝဂ်
၉-နိဒါနသုတ်
၃၉။ ရဟန်းတို့ (ဝဋ်ဆင်းရဲသို့ ရောက်စေတတ်ကုန်သော) ကံတို့ ဖြစ်ပေါ်ရန် အကြောင်းတို့သည်ဤသုံးမျိုးတို့နည်း။
အဘယ်သုံးမျိုးတို့နည်းဟူမူ—
လိုချင်မှု ‘လောဘ’ သည် ကံတို့ ဖြစ်ပေါ်ရန် အကြောင်းတည်း။
အမျက်ထွက်မှု ‘ဒေါသ’ သည် ကံတို့ ဖြစ်ပေါ်ရန် အကြောင်းတည်း။
တွေဝေမှု ‘မောဟ’ သည် ကံတို့ ဖြစ်ပေါ်ရန် အကြောင်းတည်း။
ရဟန်းတို့ လိုချင်မှု ‘လောဘ’ ကြောင့် မလိုချင်မှု’အလောဘ’ မဖြစ်၊ ရဟန်းတို့ စင်စစ်သော်ကားလိုချင်မှု ‘လောဘ’ကြောင့် လိုချင်မှု ‘လောဘ’ သာလျှင် ဖြစ်၏။
ရဟန်းတို့ အမျက်ထွက်မှု ‘ဒေါသ’ ကြောင့် အမျက်မထွက်မှု ‘အဒေါသ’ မဖြစ်၊ ရဟန်းတို့ စင်စစ်သော်ကား အမျက်ထွက်မှု ‘ဒေါသ’ ကြောင့် အမျက်ထွက်မှု ‘ဒေါသ’သာလျှင် ဖြစ်၏။
ရဟန်းတို့ တွေဝေမှု ‘မောဟ’ ကြောင့် မတွေဝေမှု ‘အမောဟ’ မဖြစ်၊ ရဟန်းတို့ စင်စစ်သော်ကားတွေဝေမှု ‘မောဟ’ ကြောင့် တွေဝေမှု ‘မောဟ’သာလျှင် ဖြစ်၏။
ရဟန်းတို့ လိုချင်မှု ‘လောဘ’ ကြောင့်ဖြစ်သော ကံ၊ အမျက်ထွက်မှု ‘ဒေါသ’ ကြောင့်ဖြစ်သော ကံ၊ တွေဝေမှု ‘မောဟ’ ကြောင့်ဖြစ်သော ကံတို့ကြောင့် နတ်တို့ကို မတွေ့မြင်ရကုန်၊ လူတို့ကို မတွေ့မြင်ရကုန်၊ အခြားတစ်စုံတစ်ခုသော သုဂတိဘုံတို့ကိုလည်း မတွေ့မြင်ရကုန်။
ရဟန်းတို့ စင်စစ်သော်ကား လိုချင်မှု ‘လောဘ’ ကြောင့်ဖြစ်သော ကံ၊ အမျက်ထွက်မှု ‘ဒေါသ’ ကြောင့်ဖြစ်သော ကံ၊ တွေဝေမှု ‘မောဟ’ ကြောင့်ဖြစ်သော ကံတို့ကြောင့် ငရဲဘုံကို တွေ့မြင်ရ၏၊ တိရစ္ဆာန်ဘုံကိုတွေ့မြင်ရ၏၊ ပြိတ္တာဘုံကို တွေ့မြင်ရ၏၊ အခြားတစ်စုံတစ်ခုသော ဒုဂ္ဂတိဘုံတို့ကိုလည်း တွေ့မြင်ရကုန်၏။
ရဟန်းတို့ ဝဋ်ဆင်းရဲသို့ ရောက်စေတတ်ကုန်သော ကံတို့ ဖြစ်ပေါ်ရန်အကြောင်းတို့သည် ဤသုံးမျိုးတို့တည်း။
ရဟန်းတို့ (ဝဋ်ကင်းရာ နိဗ္ဗာန်သို့ ရောက်စေတတ်ကုန်သော) ကံတို့ ဖြစ်ပေါ်ရန် အကြောင်းတို့ သည်ဤသုံးမျိုးတို့တည်း။
အဘယ်သုံး မျိုးတို့နည်းဟူမူ—
မလိုချင်မှု’အလောဘ’ သည် ကံတို့ ဖြစ်ပေါ်ရန်အကြောင်းတည်း။
အမျက်မထွက်မှု ‘အဒေါသ’ သည် ကံတို့ ဖြစ်ပေါ်ရန်အကြောင်းတည်း။
မတွေဝေမှု’အမောဟ’ သည် ကံတို့ ဖြစ်ပေါ်ရန်အကြောင်းတည်း။
ရဟန်းတို့ မလိုချင်မှု ‘အလောဘ’ ကြောင့် လိုချင်မှု ‘လောဘ’ မဖြစ်၊ ရဟန်းတို့ စင်စစ်သော်ကားမလိုချင်မှု ‘အလောဘ’ကြောင့် မလိုချင်မှု ‘အလောဘ’ သာလျှင် ဖြစ်၏။
ရဟန်းတို့ အမျက်မထွက်မှု ‘အဒေါသ’ ကြောင့် အမျက်ထွက်မှု ‘ဒေါသ’ မဖြစ်၊ ရဟန်းတို့ စင်စစ်သော်ကား အမျက်မထွက်မှု ‘အဒေါသ’ ကြောင့် အမျက်မထွက်မှု ‘အဒေါသ’ သာလျှင် ဖြစ်၏။
ရဟန်းတို့ မတွေဝေမှု’အမောဟ’ ကြောင့် တွေဝေမှု’မောဟ’ မဖြစ်၊ ရဟန်းတို့ စင်စစ်သော်ကားမတွေဝေမှု ‘အမောဟ’ ကြောင့် မတွေဝေမှု’အမောဟ’ သာလျှင် ဖြစ်၏။
ရဟန်းတို့ မလိုချင်မှု ‘အလောဘ’ ကြောင့်ဖြစ်သော ကံ၊ အမျက်မထွက်မှု ‘အဒေါသ’ ကြောင့်ဖြစ်သောကံ၊ မတွေဝေမှု ‘အမောဟ’ ကြောင့်ဖြစ်သော ကံတို့ကြောင့် ငရဲဘုံကို မတွေ့မြင်ရ၊ တိရစ္ဆာန်ဘုံကိုမတွေ့မြင်ရ၊ ပြိတ္တာဘုံကို မတွေ့မြင်ရ၊ အခြားတစ်စုံတစ်ခုသော ဒုဂ္ဂတိဘုံတို့ကိုလည်း မတွေ့မြင်ရကုန်။
ရဟန်းတို့ စင်စစ်သော်ကား မလိုချင်မှု ‘အလောဘ’ ကြောင့်ဖြစ်သော ကံ၊ အမျက်မထွက်မှု ‘အဒေါသ’ ကြောင့်ဖြစ်သော ကံ၊ မတွေဝေမှု’အမောဟ’ကြောင့်ဖြစ်သော ကံတို့ကြောင့် နတ်တို့ကို့တွေ့မြင် ရကုန်၏၊ လူတို့ကို တွေ့မြင်ရကုန်၏၊ အခြားတစ်စုံတစ်ခုသော သုဂတိဘုံဘဝတို့ကိုလည်းတွေ့မြင်ရကုန်၏။
ရဟန်းတို့ (ဝဋ်ကင်းရာ နိဗ္ဗာန်သို့ ရောက်စေတတ်ကုန်သော) ကံတို့ ဖြစ်ပေါ်ရန် အကြောင်းတို့ သည်ဤသုံးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
နဝမသုတ်။