အင်္ဂုတ္တရနိကာယ်
၄-ဒေဝတာဝဂ်
၁ဝ-ကိမိလသုတ်
၄ဝ။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် —
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကိမိလမြို့ ဝါးတော၌ (သီတင်းသုံး) နေတော်မူ၏။
ထိုအခါ အသျှင်ကိမိလမထေရ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးလျက် မြတ်စွာဘုရားအား—
“အသျှင်ဘုရား မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူသည်ရှိသော် သာသနာတော် ကြာရှည်စွာမတည်နိုင်ခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း”ဟု လျှောက်၏။
ကိမိလ ဤသာသနာတော်၌ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်စံတော်မူသည်ရှိသော် ရဟန်း ရဟန်း မိန်းမဥပါသကာ ဥပါသိကာမတို့သည် —
မြတ်စွာဘုရား၌ မရိုမသေ မတုပ်မဝပ် နေကုန်၏။
တရားတော်၌ မရိုမသေ မတုပ်မဝပ် နေကုန်၏။
သံဃာတော်၌ မရိုမသေ မတုပ်မဝပ် နေကုန်၏။
အကျင့် ‘သိက္ခာ’၌ မရိုမသေ မတုပ်မဝပ် နေကုန်၏။
မမေ့မလျော့ခြင်း ‘အပ္ပမာဒ’၌ မရိုမသေ မတုပ်မဝပ် နေကုန်၏။
အစေ့အစပ်ပြုမှု ‘ပဋိသန္ထာရ’၌ မရိုမသေ မတုပ်မဝပ် နေကုန်၏။
ကိမိလ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူသည်ရှိသော် သာသနာတော် ကြာမြင့်စွာ မတည်နိုင်ခြင်း၏အကြောင်းကား ဤသည်ပင်တည်း၊ အထောက်အပံ့ကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။
အသျှင်ဘုရား မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူသည်ရှိသော် သာသနာတော် ကြာမြင့်စွာ တည်နိုင်ခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်းဟု (လျှောက်၏)။
ကိမိလ ဤသာသနာတော်၌ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူသည်ရှိသော် ရဟန်း ရဟန်းမိန်းမဥပါသကာ ဥပါသိကာမတို့သည် —
မြတ်စွာဘုရား၌ ရိုသေမှု တုပ်ဝပ်မှုရှိလျက် နေကုန်၏။
တရားတော်၌ ရိုသေမှု တုပ်ဝပ်မှုရှိလျက် နေကုန်၏။
သံဃာတော်၌ ရိုသေမှု တုပ်ဝပ်မှုရှိလျက် နေကုန်၏။
အကျင့် ‘သိက္ခာ’၌ ရိုသေမှု တုပ်ဝပ်မှုရှိလျက် နေကုန်၏။
မမေ့မလျော့ခြင်း ‘အပ္ပမာဒ’၌ ရိုသေမှု တုပ်ဝပ်မှုရှိလျက် နေကုန်၏။
အစေ့အစပ်ပြုမှု ‘ပဋိသန္ထာရ’၌ ရိုသေမှု တုပ်ဝပ်မှုရှိလျက် နေကုန်၏။
ကိမိလ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူသည်ရှိသော် သာသနာတော် ကြာမြင့်စွာ တည်နိုင်ခြင်း၏အကြောင်းကား ဤသည်ပင်တည်း၊ အထောက်အပံ့ကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။
ဒသမသုတ်။