အင်္ဂုတ္တရနိကာယ်
၂-အနုသယဝဂ်
၃-ကုလသုတ်
၁၃။ ရဟန်းတို့ အင်္ဂါခုနစ်မျိုးတို့နှင့် ပြည့်စုံသော ဒါယကာတို့ အိမ်သို့ မကပ်ရောက်ရသေးသော်ကပ်ရောက်ရန် မသင့်၊ ကပ်ရောက်ပြီးသော်ကား ထိုင်နေရန် မသင့်။
အဘယ်ခုနစ်မျိုးတို့နည်းဟူမူ —
မြတ်နိုးသဖြင့် ခရီးဦးမကြိုဆိုကုန်။
မြတ်နိုးသဖြင့် ရှိမခိုးကုန်။
မြတ်နိုးသဖြင့် နေရာ မပေးကုန်။
ထင်ရှားရှိသော လှူဖွယ်ဝတ္ထုကို ထိုပုဂ္ဂိုလ်အား လျှို ့ဝှက်ကုန်၏။
အလှူဝတ္ထု အများအပြား ရှိပါလျက်လည်း အနည်းငယ်ကို ပေးလှူ၏၊
မွန်မြတ်သော လှူဖွယ်ဝတ္ထု ရှိပါလျက်လည်း ရုန့်ရင်းကြမ်းတမ်းသော လှူဖွယ်ဝတ္ထုကို ပေးလှူကုန်၏။
မရိုမသေ ပေးလှူကုန်၏၊ ရိုရိုသေသေ မပေးလှူကုန်။
ရဟန်းတို့ ဤအင်္ဂါခုနစ်မျိုးတို့နှင့် ပြည့်စုံသော ဒါယကာတို့ အိမ်သို့ မကပ်ရောက်ရသေးသော်ကပ်ရောက်ရန် မသင့်၊ ကပ်ရောက်ပြီးသော်ကား ထိုင်နေရန် မသင့်။
ရဟန်းတို့ အင်္ဂါခုနစ်မျိုးတို့နှင့်ပြည့်စုံသော ဒါယကာတို့အိမ်သို့ မကပ်ရောက်ရသေးသော် ကပ်ရောက်ရန် သင့်၏၊ ကပ်ရောက်ပြီးသော်ကား ထိုင်နေရန် သင့်၏။
အဘယ်ခုနစ်မျိုးတို့နည်းဟူမူ —
မြတ်နိုးသဖြင့် ခရီးဦးကြိုဆိုကုန်၏။
မြတ်နိုးသဖြင့် ရှိခိုးကုန်၏။
မြတ်နိုးသဖြင့် နေရာ ပေးကုန်၏။
ထင်ရှားရှိသော လှူဖွယ်ဝတ္ထုကို ထိုပုဂ္ဂိုလ်အား မလျှို ့ဝှက်ကုန်။
အလှူဝတ္ထု အများအပြားရှိသော် များပြားစွာ ပေးလှူကုန်၏၊
မွန်မြတ်သော လှူဖွယ်ဝတ္ထုရှိသော် မွန်မြတ်သော လှူဖွယ်ဝတ္ထုကို ပေးလှူကုန်၏။
ရိုသေစွာ ပေးလှူကုန်၏၊ မရိုမသေ မပေးလှူကုန်။
ရဟန်းတို့ ဤအင်္ဂါခုနစ်မျိုးတို့နှင့် ပြည့်စုံသော ဒါယကာတို့ အိမ်သို့ မကပ်ရောက်ရသေးသော်ကပ်ရောက်ရန်သင့်၏၊ ကပ်ရောက်ပြီးသော်ကား ထိုင်နေရန်သင့်၏ဟု (မိန့်တော်မူ၏)။
တတိယသုတ်။