အင်္ဂုတ္တရနိကာယ်
၂-အနုသယဝဂ်
၄-ပုဂ္ဂလသုတ်
၁၄။ ရဟန်းတို့ ဤပုဂ္ဂိုလ်ခုနစ်မျိုးတို့သည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူ ပူဇော်ရန်ထိုက်ကုန်၏၊ ဧည့်သည်တို့အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်း ပေးလှူပူဇော်ရန် ထိုက်ကုန်၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံထိုက်ကုန်၏၊ လက်အုပ်ချီရန် ထိုက်ကုန်၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေ ဖြစ်၏။
အဘယ်ခုနစ်မျိုးတို့နည်းဟူမူ—
ရူပကာယ နာမကာယ နှစ်ပါးသော အဖို့မှ လွတ်သော ‘ဥဘတောဘာဂဝိမုတ္တ’ ပုဂ္ဂိုလ်။
ပညာဖြင့် ကိလေသာတို့မှ လွတ်သော ‘ပညာဝိမုတ္တ’ ပုဂ္ဂိုလ်။
(ဈာန် မဂ် ဖိုလ် နိဗ္ဗာန်ကို) နာမကာယဖြင့် မျက်မှောက်ပြုသော ‘ကာယသက္ခိ’ ပုဂ္ဂိုလ်။
သစ္စာလေးပါးတရားကို သိ၍ အထက်မဂ်ဖိုလ်သို့ ရောက်သော’ဒိဋ္ဌိပ္ပတ္တ’ ပုဂ္ဂိုလ်။
သဒ္ဓါတရားဖြင့် ကိလေသာတို့မှ လွတ်သော ‘သဒ္ဓါဝိမုတ္တ’ ပုဂ္ဂိုလ်။
ပညာရှေ့သွားရှိ၍ အရိယာမဂ်ကို ပွါးစေသော ‘ဓမ္မာနုသာရီ’ ပုဂ္ဂိုလ်။
သဒ္ဓါရှေ့သွားရှိ၍ အရိယာမဂ်ကို ပွါးစေသော ‘သဒ္ဓါနုသာရီ’ ပုဂ္ဂိုလ်တို့တည်း။
ရဟန်းတို့ ဤပုဂ္ဂိုလ်ခုနစ်မျိုးတို့သည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန်ထိုက်ကုန်၏၊ ဧည့်သည်တို့အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်း ခံထိုက်ကုန်၏၊ တမလွန်အတွက်ရည်မျှော်သော အလှူကို ခံထိုက်ကုန်၏၊ လက်အုပ်ချီခြင်းငှါ ထိုက်ကုန်၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေ ဖြစ်၏ဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။