အင်္ဂုတ္တရနိကာယ်

၄-ဒေဝတာဝဂ်

၁၂-ဒုတိယ နိဒ္ဒသသုတ်

၄၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် —

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။

ထိုစဉ်အခါ အသျှင်အာနန္ဒာသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် ကောသမ္ဗီပြည်သို့ ဆွမ်းခံဝင်၏၊ ထိုအခါ အသျှင်အာနန္ဒာအား —

“ကောသမ္ဗီပြည်သို့ ဆွမ်းခံလှည့်လည်ရန်စောလွန်းသေး၏၊ အကယ်၍ ငါသည် သာသနာတော် ပြင်ပအယူရှိကုန်သော ပရိဗိုဇ်တို့၏ ကျောင်းတိုက်သို့ ချဉ်းကပ်ရမူ ကောင်းလေရာ၏”ဟု အကြံဖြစ်၏။

ထို့နောက် အသျှင်အာနန္ဒာသည် သာသနာတော်ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့၏ ကျောင်းတိုက်သို့ချဉ်းကပ်၍ ထိုသာသနာတော်ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့နှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ် ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို (ပြောဆို) ပြီးဆုံးစေပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေ၏။

ထိုအခါ၌ အညီအညွတ်စုဝေးထိုင်နေကြကုန်သော ထိုသာသနာတော်ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့အား ဤအကြားစကားသည် ထင်ရှားဖြစ်ပေါ်၏ —

“ငါ့သျှင်တို့ တစ်ဆယ့်နှစ်နှစ်တို့ပတ်လုံး ပြည့်စုံစွာ စင်ကြယ်သော မြတ်သော အကျင့်ကို ကျင့်သောမည်သည့်ရဟန်းကိုမဆို “တစ်ဆယ့်နှစ်နှစ်စသည် တစ်ဖန်မရှိမည့် ရဟန်း”ဟု ဆိုရန်သင့်၏”ဟု (ထင်ရှားဖြစ်၏)။

ထိုအခါ အသျှင်အာနန္ဒာသည် သာသနာတော်ပြင်ပ အယူရှိကုန်သော ထိုပရိဗိုဇ်တို့၏ ပြောဆိုအပ် သောစကားကို နှစ်လည်း မနှစ်သက်၊ တားလည်း မတားမြစ်၊ မနှစ်သက် မတားမြစ်ခဲ့မူ၍ “မြတ်စွာဘုရားအထံတော်၌ ထိုပရိဗိုဇ်တို့၏ ပြောဆိုအပ်သော စကား၏အနက်ကို သိရတော့အံ့”ဟု နေရာမှ့ထပြီးလျှင် ဖဲသွား၏။

ထို့နောက် အသျှင်အာနန္ဒာသည် ကောသမ္ဗီပြည်၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှဖဲခဲ့သည်ရှိသော် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ —

အသျှင်ဘုရား အကျွန်ုပ်သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်လျက် သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် ကောသမ္ဗီပြည်တွင်းသို့ ဆွမ်းခံဝင်ပါ၏။

အသျှင်ဘုရား ထိုသို့ဆွမ်းခံဝင်သော အကျွန်ုပ်အား “ကောသမ္ဗီပြည်သို့ ဆွမ်းလှည့်လည်ခံရန်စောလွန်းသေး၏၊ အကယ်၍ ငါသည် သာသနာတော်ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့၏ ကျောင်းတိုက်သို့ ချဉ်းကပ်ရမူ ကောင်းလေရာ၏”ဟု အကြံဖြစ်ပါ၏။

အသျှင်ဘုရား ထိုအခါ၌ အကျွန်ုပ်သည် သာသနာတော်ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့၏ကျောင်းတိုက်သို့ ချဉ်းကပ်ပြီးလျှင် ထိုသာသနာတော်ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့နှင့်အတူဝမ်းမြောက် ဝမ်းသာ နှုတ်ဆက် ပြောဆိုပါ၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို (ပြောဆို) ပြီးဆုံးစေပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပါ၏။

အသျှင်ဘုရား ထိုအခါ၌ အညီအညွတ် စုဝေးထိုင်နေကြကုန်သော သာသနာတော်ပြင်ပ အယူရှိကုန်သော ထိုပရိဗိုဇ်တို့အား ဤအကြားစကားသည် ထင်ရှားဖြစ်ပါ၏။

“ငါ့သျှင်တို့ တစ်ဆယ့်နှစ်နှစ်တို့ပတ်လုံး ပြည့်စုံစွာ စင်ကြယ်သော မြတ်သောအကျင့်ကို ကျင့်သောမည်သည့် ရဟန်းကိုမဆို ‘တစ်ဆယ့်နှစ်နှစ်စသည် တစ်ဖန်မရှိမည့် ရဟန်း’ဟု ဆိုရန်သင့်၏”ဟု (ထင်ရှားဖြစ်ပါ၏)။

အသျှင်ဘုရား ထိုအခါ၌ အကျွန်ုပ်သည် ထိုသာသနာတော်ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့၏ပြောဆိုအပ်သောစကားကို နှစ်လည်း မနှစ်သက်ခဲ့ပါ၊ တားလည်း မတားမြစ်ခဲ့ပါ၊ မနှစ်သက် မတားမြစ်ခဲ့မူ၍ “မြတ်စွာဘုရားအထံတော်၌ ထိုပရိဗိုဇ်တို့ ပြောဆိုအပ်သော စကား၏အနက်ကို သိရတော့အံ့”ဟုနေရာမှ ထပြီးလျှင် ဖဲခွါခဲ့ပါ၏။

အသျှင်ဘုရား ဤဓမ္မဝိနယ ‘သာသနာတော်’၌ နှစ်ကို ရေတွက်ရုံ သက်သက်မျှဖြင့် တစ်ဆယ့်နှစ်နှစ်စသည် တစ်ဖန်မရှိသည့် ရဟန်းဟု ပညတ်ရန် တတ်ကောင်းပါအံ့လောဟု (လျှောက်၏)။

အာနန္ဒာ ဤဓမ္မဝိနယ ‘သာသနာတော်’၌ နှစ်ကို ရေတွက်ရုံ သက်သက်မျှဖြင့် ရဟန်းသည်တစ်ဆယ့်နှစ်နှစ်စသည် တစ်ဖန်မရှိသည့် ရဟန်းဟု ဤသို့ ပညတ်ရန် မတတ်ကောင်း။

အာနန္ဒာ ငါသည် တစ်ဆယ့်နှစ်နှစ်စသည် တစ်ဖန်မရှိမည့် ရဟန်းဟု ဆိုကြောင်းဖြစ်သည့် ဤတရားခုနစ်မျိုးတို့ကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြု၍ ဟောကြား၏။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ —

အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် ယုံကြည်မှု ‘သဒ္ဓါ’ ရှိ၏၊ ရှက်မှု ‘ဟိရီ’ ရှိ၏၊ ကြောက် လန့်မှု’သြတ္တပ္ပ’ ရှိ၏၊ အကြားအမြင် များပြား၏၊ ထက်သန်သော လုံ့လရှိ၏၊ သတိနှင့် ပြည့်စုံ၏၊ ပညာရှိ၏။

အာနန္ဒာ ငါသည် တစ်ဆယ့်နှစ်နှစ်စသည် တစ်ဖန်မရှိမည့် ရဟန်းဟု ဆိုကြောင်းဖြစ်သည့် ဤတရားခုနစ်မျိုးတို့ကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြု၍ ဟောကြား၏။

အာနန္ဒာ တစ်ဆယ့်နှစ်နှစ်စသည် တစ်ဖန်မရှိမည့် ရဟန်းဟု ဆိုကြောင်းဖြစ်သည့် ဤတရားခုနစ်မျိုးတို့နှင့်ပြည့်စုံသော ရဟန်းသည် တစ်ဆယ့်နှစ်နှစ်တို့ပတ်လုံး ပြည့်စုံစင်ကြယ်စွာ မြတ်သောအကျင့်ကို ကျင့်ပါမူ “တစ်ဆယ့်နှစ်နှစ် တစ်ဖန်မရှိမည့် ရဟန်း”ဟူ၍ ဆိုရန်သင့်၏၊ နှစ်ဆယ့်လေးနှစ်တို့ပတ်လုံးလည်း ပြည့်စုံစင်ကြယ်စွာ မြတ်သော အကျင့်ကို ကျင့်ပါမူ “တစ်ဆယ့်နှစ်နှစ် တစ်ဖန်မရှိမည့်ရဟန်း”ဟူ၍ ဆိုရန်သင့်၏၊ သုံးဆယ့်ခြောက်နှစ်တို့ပတ်လုံးလည်း ပြည့်စုံစင်ကြယ်စွာ မြတ်သောအကျင့်ကို့ကျင့်ပါမူ “တစ်ဆယ့်နှစ်နှစ် တစ်ဖန်မရှိမည့် ရဟန်း”ဟူ၍ ဆိုရန်သင့်၏၊ လေးဆယ့်ရှစ်နှစ်တို့ပတ်လုံးလည်း ပြည့်စုံစင်ကြယ်စွာ မြတ်သော အကျင့်ကို ကျင့်ပါမူ “တစ်ဆယ့်နှစ်နှစ် တစ်ဖန်မရှိမည့် ရဟန်း”ဟူ၍ ဆိုရန်သင့်၏ဟု (မိန့်တော်မူ၏)။

ဒွါဒသမသုတ်။

လေးခုမြောက် ဒေဝတာဝဂ် ပြီး၏။