အင်္ဂုတ္တရနိကာယ်

၄-ဒေဝတာဝဂ်

၁ဝ-ပဌမ နိဒ္ဒသသုတ်

၄၂။ ထိုအခါ အသျှင်သာရိပုတြာသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကိုဆောင်ယူပြီးလျှင် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်တော်မူ၏၊ ထိုအခါ အသျှင်သာရိပုတြာအား—

“သာဝတ္ထိပြည်သို့ ဆွမ်းခံလှည့်လည်ရန်စောလွန်းသေး၏၊ အကယ်၍ ငါသည် သာသနာတော် ပြင်ပအယူရှိကုန်သော ပရိဗိုဇ်တို့၏ ကျောင်းတိုက်သို့ ချဉ်းကပ်ရမူ ကောင်းလေရာ၏”ဟု အကြံဖြစ်၏။

ထို့နောက် အသျှင်သာရိပုတြာသည် သာသနာတော် ပြင်ပအယူရှိကုန်သော ပရိဗိုဇ်တို့၏ ကျောင်းတိုက်သို့ ချဉ်းကပ်၍ ထိုသာသနာတော်ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့နှင့် အတူ ဝမ်းမြောက်ဝမ်းသာနှုတ်ဆက် ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို (ပြောဆို) ပြီးဆုံးစေပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေတော်မူ၏။

ထိုအခါ၌ အညီအညွတ် စုဝေးထိုင်နေကုန်သော ထိုသာသနာတော်ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့အား ဤအကြားစကားသည် ထင်ရှားဖြစ်ပေါ်လာ၏ —

“ငါ့သျှင်တို့ တစ်ဆယ့်နှစ်နှစ်တို့ပတ်လုံး ပြည့်စုံစွာ စင်ကြယ်သော မြတ်သော အကျင့်ကို ကျင့်သောမည်သည့် ရဟန်းကိုမဆို ‘တစ်ဆယ့်နှစ်နှစ်စသည် တစ်ဖန်မရှိမည့် ရဟန်း’ဟု ဆိုရန်သင့်၏”ဟု (ထင်ရှားဖြစ်ပေါ်၏)။

ထိုအခါ၌ အသျှင်သာရိပုတြာသည် ထိုသာသနာတော်မှ ပြင်ပအယူရှိကုန်သော ပရိဗိုဇ်တို့၏ ပြောဆိုအပ်သောစကားကို နှစ်လည်း မနှစ်သက်၊ တားလည်း မတားမြစ်၊ မနှစ်သက် မတားမြစ်မူ၍ “မြတ်စွာဘုရား အထံတော်၌ ထိုပရိဗိုဇ်တို့ ပြောဆိုအပ်သော စကား၏အနက်ကို သိရတော့အံ့”ဟု နေရာမှထပြီးလျှင် ဖဲသွား၏။

ထိုအခါ အသျှင်သာရိပုတြာသည် သာဝတ္ထိပြည်၌ ဆွမ်းခံလှည့်လည်တော်မူ၍ ဆွမ်းစားပြီးနောက်ဆွမ်းခံရွာမှ ဖဲခဲ့သည်ရှိသော် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ —

အသျှင်ဘုရား အကျွန်ုပ်သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်လျက် သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် ဤသာဝတ္ထိပြည်တွင်းသို့ ဆွမ်းခံဝင်ပါ၏။

အသျှင်ဘုရား ထိုသို့ဆွမ်းခံဝင်သော အကျွန်ုပ်အား “သာဝတ္ထိပြည်သို့ ဆွမ်းခံလှည့်လည်ရန်စောလွန်းသေး၏၊ အကယ်၍ ငါသည် သာသနာတော်ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့၏ ကျောင်းတိုက်သို့ ချဉ်းကပ်ရမူ ကောင်းလေရာ၏”ဟု အကြံဖြစ်ပါ၏၊ အသျှင်ဘုရား ထို့နောက် အကျွန်ုပ်သည်သာသနာတော်ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့၏ ကျောင်းတိုက်သို့ ချဉ်းကပ်၍ ထိုသာသနာတော်ပြင်ပအယူရှိကုန်သော ပရိဗိုဇ်တို့နှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပါ၏၊ ဝမ်းမြောက်ဖွယ်အမှတ်ရဖွယ်စကားကို (ပြောဆို) ပြီးဆုံးစေပြီးနောက် တစ်ခုသော နေရာ၌ ထိုင်နေပါ၏၊ အသျှင်ဘုရားထိုအခါ အညီအညွတ် စုဝေးထိုင်နေကြကုန်သော ထိုသာသနာတော်ပြင်ပ အယူရှိကုန်သောပရိဗိုဇ်တို့အား ဤအကြားစကားသည် ထင်ရှားဖြစ်ပါ၏။

“ငါသျှင်တို့ တစ်ဆယ့်နှစ်နှစ်တို့ပတ်လုံး ပြည့်စုံစွာ စင်ကြယ်သော မြတ်သော အကျင့်ကို ကျင့်သောမည်သည့်ရဟန်းကိုမဆို ‘တစ်ဆယ့်နှစ်နှစ်စသည် တစ်ဖန်မရှိမည့် ရဟန်း’ဟု ဆိုရန်သင့်၏”ဟု (ထင်ရှားဖြစ်ပါ၏)။

အသျှင်ဘုရား ထိုအခါ၌ အကျွန်ုပ်သည် ထိုသာသနာတော်ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့၏ပြောဆိုအပ်သော စကားကို နှစ်လည်း မနှစ်သက်ခဲ့ပါ၊ တားလည်း မတားမြစ်ခဲ့ပါ၊ မနှစ်သက် မတားမြစ်မူ၍ “မြတ်စွာဘုရား အထံတော်၌ ထိုပရိဗိုဇ်တို့ ပြောဆိုအပ်သော စကား၏အနက်ကိုသိရတော့အံ့”ဟု နေရာမှ ထပြီးလျှင် ဖဲခွါခဲ့ပါ၏။

အသျှင်ဘုရား ဤဓမ္မဝိနယ ‘သာသနာတော်’၌ နှစ်ကို ရေတွက်ရုံ သက်သက်မျှဖြင့် တစ်ဆယ့်နှစ်နှစ်စသည် တစ်ဖန်မရှိသည့် ရဟန်းဟု ဤသို့ ပညတ်ရန် တတ်ကောင်းပါအံ့လောဟု (လျှောက်၏)။

သာရိပုတြာ ဤဓမ္မဝိနယ ‘သာသနာတော်’၌ နှစ်ကို ရေတွက်ရုံ သက်သက်မျှဖြင့် တစ်ဆယ့်နှစ်နှစ်စသည် တစ်ဖန်မရှိသည့် ရဟန်းဟု ဤသို့ ပညတ်ရန် မတတ်ကောင်း။

သာရိပုတြာ ငါသည် တစ်ဆယ့်နှစ်နှစ်စသည် တစ်ဖန်မရှိမည့် ရဟန်းဟု ဆိုကြောင်း ဤတရားခုနစ်မျိုးတို့ကို ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုကာ ဟောကြား၏။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ —

သာရိပုတြာ ဤသာသနာတော်၌ ရဟန်းသည် သိက္ခာကို (ကျင့်သုံး) ဆောက်တည်ရာ၌ ထက်သန် သောအလို ‘ဆန္ဒ’ ရှိ၏၊ နောင်အခါ သိက္ခာကို ဆောက်တည်ရာ၌လည်း မကင်းသော ချစ်ခြင်းရှိ၏။

တရားတို့ကို စုံစမ်းဆင်ခြင်ရာ၌ ထက်သန်သော အလို ‘ဆန္ဒ’ ရှိ၏၊ နောင်အခါ တရားတို့ကို စုံစမ်းဆင်ခြင်ရာ၌ မကင်းသော ချစ်ခြင်းရှိ၏။

အလိုဆိုးကို ပယ်ဖျောက်ရာ၌ ထက်သန်သော အလို ‘ဆန္ဒ’ ရှိ၏၊ နောင်အခါ၌လည်း အလိုဆိုးကိုပယ်ဖျောက်ရာ၌ မကင်းသော ချစ်ခြင်းရှိ၏။

ဆိတ်ငြိမ်ရာအရပ်ဝယ် တစ်ယောက်တည်း ကိန်းအောင်းမှု၌ ထက်သန်သော အလို ‘ဆန္ဒ’ ရှိ၏၊ နောင်အခါ၌လည်း ဆိတ်ငြိမ်ရာအရပ်ဝယ် တစ်ယောက်တည်း ကိန်းအောင်းမှု၌ မကင်းသော ချစ်ခြင်းရှိ၏။

လုံ့လအားထုတ်ရာ၌ ထက်သန်သော အလို ‘ဆန္ဒ’ ရှိ၏၊ နောင်အခါ၌လည်း လုံ့လအားထုတ်ရာ၌ မကင်းသော ချစ်ခြင်းရှိ၏။

အောက်မေ့မှု ‘သတိ’ ရင့်ကျက်မှု ‘ပညာ’၌ ထက်သန်သော အလို ‘ဆန္ဒ’ ရှိ၏၊ နောင်အခါ၌လည်းအောက်မေ့မှု ‘သတိ’ ရင့်ကျက်မှု ‘ပညာ’၌ မကင်းသော ချစ်ခြင်းရှိ၏။

အယူ ‘သမ္မာဒိဋ္ဌိ’ ကို ထိုးထွင်းသိမှု၌ ထက်သန်သော အလို ‘ဆန္ဒ’ ရှိ၏၊ နောင်အခါ၌လည်း သမ္မာဒိဋ္ဌိကိုထိုးထွင်းသိမှု၌ မကင်းသော ချစ်ခြင်းရှိ၏။

သာရိပုတြာ ငါသည် တစ်ဆယ့်နှစ်နှစ်စသည် တစ်ဖန်မရှိမည့် ရဟန်းဟု ဆိုကြောင်းဖြစ်သည့်ဤတရားခုနစ်မျိုးတို့ကို ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ဟောကြား၏။

သာရိပုတြာ တစ်ဆယ့်နှစ်နှစ်စသည် တစ်ဖန်မရှိမည့် ရဟန်းဟု ဆိုကြောင်းဖြစ်သည့် တရားခုနစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် တစ်ဆယ့်နှစ်နှစ်တို့ပတ်လုံး ပြည့်စုံစင်ကြယ်စွာ မြတ်သောအကျင့်ကို ကျင့်ပါမူ “တစ်ဆယ့်နှစ်နှစ် တစ်ဖန်မရှိမည့် ရဟန်း”ဟူ၍လည်း ဆိုရန်သင့်၏၊ နှစ်ဆယ့်လေးနှစ်တို့ပတ်လုံးလည်း ပြည့်စုံစင်ကြယ်စွာ မြတ်သော အကျင့်ကို ကျင့်ပါမူ “တစ်ဆယ့်နှစ်နှစ် တစ်ဖန်မရှိမည့် ရဟန်း”ဟူ၍လည်း ဆိုရန်သင့်၏၊ သုံးဆယ့်ခြောက်နှစ်တို့ပတ်လုံးလည်း ပြည့်စုံစင်ကြယ်စွာ မြတ်သော အကျင့်ကို ကျင့်ပါမူ “တစ်ဆယ့်နှစ်နှစ် တစ်ဖန်မရှိမည့် ရဟန်း”ဟူ၍လည်း ဆိုရန်သင့်၏၊ လေးဆယ့်ရှစ်နှစ်တို့ပတ်လုံးလည်း ပြည့်စုံစင်ကြယ်စွာ မြတ်သော အကျင့်ကို ကျင့်ပါမူ “တစ်ဆယ့်နှစ်နှစ်တစ်ဖန်မရှိမည့် ရဟန်း”ဟူ၍လည်း ဆိုရန်သင့်၏ဟု (မိန့်တော်မူ၏)။

ဧကာဒသမသုတ်။