အင်္ဂုတ္တရနိကာယ်
၃-ဂဟပတိဝဂ်
၆-ဇီဝကသုတ်
၂၆။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဇီဝက၏ သရက်ဥယျာဉ်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အဘယမင်းသား မွေးစားသော ဇီဝကသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ပြီးလျှင် ရှိခိုး၍ တစ်ခုသောနေရာ၌ ထိုင်လျက်”မြတ်စွာဘုရား အဘယ်မျှသော အကြောင်းဖြင့် ဥပါသကာ မည်ပါသနည်း”ဟု လျှောက်၏၊
ဇီဝက ဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်၏၊ တရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်၏၊ သံဃာကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်၏၊ ဇီဝက ဤမျှသော အကြောင်းဖြင့် ဥပါသကာမည်၏ဟု (မိန့်တော်မူ၏)။
အသျှင်ဘုရား အဘယ်မျှသော အကြောင်းဖြင့် ဥပါသကာသည် သီလရှိသူမည်ပါသနည်းဟု (လျှောက်၏)။
ဇီဝက ဥပါသကာသည် သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ သူတစ်ပါးဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဉ်၏၊ ယစ်မူးမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက်ကို သောက်စားခြင်းမှ ရှောင်ကြဉ်၏။ ဇီဝက ဤမျှသော အကြောင်းဖြင့် ဥပါသကာသည် သီလရှိသူမည်၏ဟု (မိန့်တော်မူ၏)။
အသျှင်ဘုရား ဥပါသကာသည် အဘယ်မျှသော အကြောင်းဖြင့် မိမိအကျိုးစီးပွါးအလို့ငှါ ကျင့်၍ သူတစ်ပါးအကျိုးစီးပွါးအလို့ငှါ မကျင့်သနည်းဟု (လျှောက်၏)။
ဇီဝက ဥပါသကာသည် မိမိသည်သာလျှင် သဒ္ဓါတရားနှင့် ပြည့်စုံ၍ သူတစ်ပါးကို သဒ္ဓါတရားနှင့် ပြည့်စုံရန် မဆောက်တည်စေ၊ မိမိသည်သာလျှင် သီလနှင့် ပြည့်စုံ၍ သူတစ်ပါးကို သီလနှင့် ပြည့်စုံရန် မဆောက်တည်စေ၊ မိမိသည်သာလျှင် စွန့်ကြဲပေးကမ်းခြင်းနှင့် ပြည့်စုံ၍ သူတစ်ပါးကို စွန့်ကြဲပေးကမ်းခြင်းနှင့် ပြည့်စုံရန် မဆောက်တည်စေ၊ မိမိသည်သာလျှင် ရဟန်းတို့ကို ဖူးမြင်လို၍ သူတစ်ပါးကို ရဟန်းတို့ကို ဖူးမြင်ခြင်း၌ မဆောက်တည်စေ၊ မိမိသည်သာလျှင် သူတော်ကောင်းတရားကို နာလို၍ သူတစ်ပါးကို သူတော်ကောင်းတရားကို နာခြင်း၌ မဆောက်တည်စေ၊ မိမိသည်သာလျှင် ကြားနာအပ်ပြီးသော တရားကို ဆောင်ထားမှတ်သားခြင်း သဘောရှိ၍ သူတစ်ပါးကို တရားကို ဆောင်ထားမှတ်သားရန် မဆောက်တည်စေ၊ မိမိသည်သာလျှင် ကြားနာအပ်ပြီးသော တရားတို့၏ အကြောင်းဟုတ်သည် မဟုတ်သည်၌ စုံစမ်း ဆင်ခြင်တတ်၍ သူတစ်ပါးကို အကြောင်းဟုတ်သည် မဟုတ်သည်၌ စုံစမ်းဆင်ခြင်ရန် မဆောက်တည်စေ၊ မိမိသည်သာလျှင် အနက်ပါဠိကို သိလျက် လောကုတ္တရာတရားအားလျော်သော အကျင့်ကို ကျင့်၍ သူတစ်ပါးကို လောကုတ္တရာတရားအားလျော်သော အကျင့်ကို ကျင့်ရန် မဆောက်တည်စေ။ ဇီဝက ဥပါသကာသည် ဤမျှသော အကြောင်းဖြင့်မိမိအကျိုးစီးပွါးအလို့ငှါ ကျင့်၍ သူတစ်ပါး၏ အကျိုးစီးပွါး အလို့ငှါ မကျင့်ဟု (မိန့်တော်မူ၏)။
“အသျှင်ဘုရား ဥပါသကာသည် အဘယ်မျှသော အကြောင်းဖြင့် မိမိအကျိုးစီးပွါးအလို့ငှါလည်း ကျင့််၍ သူတစ်ပါး၏ အကျိုးစီးပွါးအလို့ငှါလည်း ကျင့််ပါသနည်း”ဟု (လျှောက်၏)။
ဇီဝက ဥပါသကာသည် မိမိလည်း သဒ္ဓါတရားနှင့် ပြည့်စုံ၍ သူတစ်ပါးကိုလည်း သဒ္ဓါတရားနှင့် ပြည့်စုံရန် ဆောက်တည်စေ၏၊ မိမိလည်း စွန့်ကြဲ ပေးကမ်းခြင်းနှင့် ပြည့်စုံ၍ သူတစ်ပါးကိုလည်း စွန့်ကြဲ ပေးကမ်းခြင်းနှင့် ပြည့်စုံရန် ဆောက်တည်စေ၏။ မိမိလည်း ရဟန်းတို့ကို ဖူးမြင်လို၍ သူတစ်ပါးတို့ကို လည်း ရဟန်းတို့ကို ဖူးမြင်ခြင်း၌ ဆောက်တည်စေ၏၊ မိမိလည်း သူတော်ကောင်းတရားကို နာလို၍ သူတစ်ပါးကိုလည်း သူတော်ကောင်းတရားကို နာခြင်း၌ ဆောက်တည်စေ၏၊ မိမိလည်း ကြားနာအပ်ပြီးသော တရားကို ဆောင်ထား မှတ်သားခြင်း သဘောရှိ၍ သူတစ်ပါးကိုလည်း ကြားနာအပ်ပြီးသော တရား ကို ဆောင်ထားမှတ်သားရန် ဆောက်တည်စေ၏၊ မိမိလည်း ကြားနာအပ်ပြီးသော တရားတို့၏ အကြောင်းဟုတ်သည် မဟုတ်သည်၌ စုံစမ်းဆင်ခြင်တတ်၍ သူတစ်ပါးကိုလည်း ကြားနာအပ်ပြီးသော တရားတို့၏ အကြောင်းဟုတ်သည် မဟုတ်သည်၌ စုံစမ်းဆင်ခြင်ရန် ဆောက်တည်စေ၏၊ မိမိလည်း အနက်ပါဠိကို သိလျက် လောကုတ္တရာတရားအားလျော်သော အကျင့်ကို ကျင့်၍ သူတစ်ပါးကိုလည်း လောကုတ္တရာတရားအားလျော်သော အကျင့်ကို ကျင့်ရန် ဆောက်တည်စေ၏။ ဇီဝက ဥပါသကာသည် ဤမျှသော အကြောင်းဖြင့် မိမိအကျိုးစီးပွါးအလို့ငှါလည်း ကျင့်၍ သူတစ်ပါး၏ အကျိုးစီးပွါးအလို့ငှါလည်း ကျင့်၏ဟု (မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။