အင်္ဂုတ္တရနိကာယ်

၅-ဥပေါသထဝဂ်

၈-နကုလမာတာသုတ်

၄၈။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ဝယ် သားတို့အား ဘေးမဲ့ ပေးရာ ဘေသကဠအမည်ရှိသော တော၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ နကုလမာတာ သူကြွယ်မသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍။ပ။ တစ်ခုသောနေရာ၌ ထိုင်နေသော နကုလမာတာသူကြွယ်မအား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—နကုလမာတာ တရားရှစ်မျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် ခန္ဓာပျက်ကြွေသေသည်မှ နောက်၌ မနာပကာယိကာမည်သော နတ်တို့၏ အပေါင်းအဖော် အဖြစ်သို့ ကပ်ရောက်ရ၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ—နကုလမာတာ ဤလောက၌ မာတုဂါမသည် အကျိုးကိုလိုလားကုန်သော၊ အစီးအပွါးကို ရှာမှီးကုန်သော၊ အစဉ်သနားစောင့်ရှောက်တတ်ကုန်သော အမိအဖတို့က အစဉ်သနားခြင်းကို အကြောင်းပြု၍ ပေးစားထိမ်းမြားလိုက်သော လင်ယောကျာ်း၏ ရှေးဦးစွာ (အိပ်ရာမှ) ထလေ့ရှိ၏၊ နောက်မှ အိပ်လေ့ရှိ၏၊ အဘယ်ကို ပြုရပါအံ့နည်းဟု နာခံလေ့ရှိ၏၊ နှစ်ခြိုက်ဖွယ်ကို ပြုကျင့်လေ့ရှိ၏၊ ချစ်ခင်ဖွယ်ကို ဆိုလေ့ရှိ၏။ (၁)

မိမိ၏ ခင်ပွန်းသည် လင်က “အမိ အဖ ရဟန်း ပုဏ္ဏားတို့”ဟူ၍ အလေးအမြတ် ပြုအပ်သော သူတို့ကို အရိုအသေပြု၏၊ အလေးအမြတ်ပြု၏၊ မြတ်နိုး၏၊ ပူဇော်၏၊ (အိမ်သို့) ရောက်လာကုန်သော သူတို့ကိုလည်း နေရာထိုင်ခင်းပေးခြင်း သောက်ရေတည်ခြင်းဖြင့် ပူဇော်၏။ (၂)

“သိုးမွေး (ပြုပြင် လုပ်ကိုင်ရန်) အလုပ်၊ ဝါချည် (ပြုပြင် လုပ်ကိုင်ရန်) အလုပ်”ဟူ၍ လင်၏ အိမ်တွင်းမှု အလုပ်တို့၌ လိမ္မာ၏၊ မပျင်းမရိတတ်၊ ထိုအိမ်တွင်းမှုလုပ်ငန်း၌ အကြောင်းဥပါယ်ဖြစ်သော စုံစမ်းမှု ပညာနှင့် ပြည့်စုံ၏၊ ပြုလုပ်ရန် စွမ်းနိုင်၏၊ စီမံရန် စွမ်းနိုင်၏။ (၃)

လင်ယောကျာ်း၏ အိမ်တွင်းသားဖြစ်ကုန်သော “ကျွန်အစေခံအမှုလုပ်”ဖြစ်သည့် အတွင်းလူတို့၏ ပြုလုပ်သည်ကိုလည်း ပြုလုပ်သောအားဖြင့် သိ၏၊ မပြုလုပ်သည်ကိုလည်း မပြုလုပ်သောအားဖြင့် သိ၏၊ ဖျားနာသူတို့ အားရှိသည် မရှိသည်ကိုလည်း သိ၏၊ ထိုအတွင်းလူအပေါင်းအား ခဲဖွယ်ဘောဇဉ်တို့ကို အသီးအသီး မိမိတို့၏ အဖို့အားဖြင့် ဝေဖန်တတ်၏။ (၄)

လင်ယောကျာ်းဆောင်ခဲ့သော ဥစ္စာ စပါး ရွှေ ငွေတို့ကိုစောင့်ရှောက်၏၊ လုံခြုံစေ၏၊ ထိုပစ္စည်း ဥစ္စာတို့အပေါ်၌ အပျော်မကြူးတတ်သူ၊ မခိုးဝှက်တတ်သူ၊ အရက်သေစာ မသောက်စားတတ်သူ၊ မဖျက် ဆီးတတ်သူ ဖြစ်၏။ (၅)

ဘုရားကို ကိုးကွယ်သော၊ တရားကို ကိုးကွယ်သော၊ သံဃာကို ကိုးကွယ်သော ဥပါသိကာမ ဖြစ်၏။ (၆)

သီလရှိ၏။ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်၏။ပ။ ယစ်မူးမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်၏။ (၇)

စွန့်ကြဲခြင်းနှင့် ပြည့်စုံ၏။ လွတ်လွတ် စွန့်ကြဲခြင်းရှိသည်, (စွန့်ကြဲအံ့)ဟု ဆေးကြောအပ်သော လက်ရှိသည်, စွန့်ကြဲခြင်း၌ မွေ့လျော်သည်, တောင်းခံခြင်းငှါ ထိုက်သည်, ပေးကမ်း ဝေဖန်ခြင်း၌ မွေ့လျော်သည် ဖြစ်၍၊ မစ္ဆရိယတည်းဟူသော အညစ်အကြေး ကင်းသောစိတ်ဖြင့် အိမ်ကို စိုးအုပ်လျက် နေ၏။ (၈)

နကုလမာတာ ဤတရားရှစ်မျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် ခန္ဓာပျက်ကြွေသေသည်မှ နောက်၌ မနာပကာယိကာမည်သော နတ်တို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်ရ၏ဟု (မိန့်တော်မူ၏)။

အကြင်လင်ယောကျာ်းသည် အမြဲမပြတ် လွန်စွာ အားထုတ်အပ်သော ဝီရိယနှင့် ပြည့်စုံသည်ဖြစ်၍ ကြောင့်ကြစိုက်လျက် ထိုမိမိသားမယားကို လုပ်ကျွေးမွေးမြူ၏၊ ပညာရှိသော မိန်းမကောင်းသည် အလုံးစုံ အလိုရှိရာကို ပေးတတ်သော (မိမိကို)စောင့်ရှောက်မွေးမြူတတ်သော ထိုလင်ယောကျာ်းကို မထီမဲ့မြင် မပြု၊ ငြူစူစောင်း မြောင်း မကောင်းသော စကားဖြင့်လည်း လင်ယောကျာ်းကို မခြုတ်ခြယ်၊ လင်ယောကျာ်း အရိုအသေ ပြုအပ်သူ အားလုံးတို့ကိုလည်း မြတ်နိုးပူဇော်၏။ အကြင်မိန်းမသည် ထကြွ လုံ့လ ရှိ၍ မပျင်းရိတတ်၊ ကျေးကျွန် အစေခံ အခြွေအရံတို့ကိုလည်း အထိုက်အလျောက် ချီးမြှောက် ထောက်ပံ့တတ်၏၊ လင်၏ နှစ်လိုဖွယ် ရာကိုလည်း ပြုကျင့်တတ်၏၊ လင်သား စုဆောင်း၍ ပေးအပ်သော ဥစ္စာကိုလည်းကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်၏။ လင်၏ အလိုသို့လိုက်လျက် ဤသို့ဆိုအပ်ခဲ့ပြီးသောအတိုင်း ပြုကျင့်သော ထိုမိန်းမသည် မနာပကာယိကာမည်သော နတ်တို့ဖြစ်ရာဘုံသို့ ကပ်ရောက်ရ၏။

အဋ္ဌမသုတ်။