အင်္ဂုတ္တရနိကာယ်
၅-ဥပေါသထဝဂ်
၇-ဒုတိယ ဝိသာခါသုတ်
၄၇။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်းတိုက် မိဂါရမာတာ ဝိသာခါ၏ ပြာသာဒ်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ တစ်ခုသောနေရာ၌ ထိုင်နေသော မိဂါရမာတာ ဝိသာခါအား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ —ဝိသာခါ တရားရှစ်မျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် ခန္ဓာပျက်ကြွေ သေသည်မှနောက်၌ မနာပကာယိကာမည်သော နတ်တို့၏ အပေါင်းအဖော် အဖြစ်သို့ ကပ်ရောက်ရ၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ—ဝိသာခါ ဤလောက၌ မာတုဂါမသည် အကျိုးကို လိုလားကုန်သော၊ အစီးအပွါးကို ရှာမှီးကုန်သော၊ အစဉ်သနားစောင့်ရှောက်တတ်ကုန်သော အမိအဖတို့က အစဉ်သနားစောင့်ရှောက်ခြင်းကို အကြောင်းပြု၍ ပေးစားထိမ်းမြားလိုက်သော လင်ယောကျာ်း၏ ရှေးဦးစွာ (အိပ်ရာမှ) ထလေ့ရှိ၏၊ နောက်မှ အိပ်လေ့ရှိ၏၊ အဘယ်ကို ပြုရပါအံ့နည်းဟု နာခံလေ့ရှိ၏၊ နှစ်ခြိုက်ဖွယ်ကို ပြုကျင့်လေ့ရှိ၏၊ ချင်ခင်ဖွယ်ကို ဆိုလေ့ရှိ၏။ပ။ စွန့်ကြဲခြင်းနှင့် ပြည့်စုံ၏။ လွတ်လွတ် စွန့်ကြဲခြင်းရှိသည်, (စွန့်ကြဲအံ့)ဟု ဆေးကြောအပ်သော လက်ရှိသည်, စွန့်ကြဲခြင်း၌ မွေ့လျော်သည်, တောင်းခံခြင်းငှါ ထိုက်သည်, ပေးကမ်း ဝေဖန်ခြင်း၌ မွေ့လျော်သည် ဖြစ်၍၊ မစ္ဆရိယတည်းဟူသော အညစ်အကြေးကင်းသော စိတ်ဖြင့် အိမ်ကို စိုးအုပ်၍ နေ၏။ ဝိသာခါ ဤတရားရှစ်မျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် ခန္ဓာပျက်ကြွေ သေသည်မှနောက်၌ မနာပကာယိကာမည်သော နတ်တို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ရ၏ဟု (မိန့်တော်မူ၏)။
အကြင်လင်ယောကျာ်းသည် အမြဲမပြတ် လွန်စွာ အားထုတ်အပ်သော ဝီရိယနှင့် ပြည့်စုံသည်ဖြစ်၍ ကြောင့်ကြစိုက်လျက် ထိုမိမိသားမယားကို လုပ်ကျွေးမွေးမြူ၏၊ ပညာရှိသော မိန်းမကောင်းသည် အလုံးစုံ အလိုရှိရာကို ပေးတတ်သော (မိမိကို)စောင့်ရှောက် မွေးမြူတတ်သော ထိုလင်ယောကျာ်းကို မထီမဲ့မြင် မပြု၊ ငြူစူစောင်းမြောင်း မကောင်းသော စကားဖြင့်လည်း လင်ယောကျာ်းကို မခြုတ်ခြယ်၊ လင်ယောကျာ်း အရိုအသေ ပြုအပ်သူ အားလုံးတို့ကိုလည်း မြတ်နိုးပူဇော်၏။ အကြင်မိန်းမသည် ထကြွ လုံ့လ ရှိ၍ မပျင်းရိတတ်၊ ကျေးကျွန် အစေခံ အခြွေအရံတို့ကိုလည်း အထိုက်အလျောက် ချီးမြှောက် ထောက်ပံ့တတ်၏၊ လင်၏ နှစ်လိုဖွယ် ကိုလည်း ပြုကျင့်တတ်၏၊ လင်သား စုဆောင်းပေးအပ်သော ဥစ္စာကိုလည်းကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်၏။ လင်၏ အလိုသို့လိုက်လျက် ဤသို့ဆိုအပ်ခဲ့ပြီးသောအတိုင်း ပြုကျင့်သော ထိုမိန်းမသည် မနာပကာယိကာမည်သော နတ်တို့ဖြစ်ရာဘုံသို့ ကပ်ရောက်ရ၏။
သတ္တမသုတ်။