အင်္ဂုတ္တရနိကာယ်

(၈) ၃-ယမကဝဂ်

၆-ဒုတိယ သမ္ပဒါသုတ်

၇၆။ ရဟန်းတို့ ပြည့်စုံမှု ‘သမ္ပဒါ’တို့သည် ဤရှစ်မျိုးတို့တည်း။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ— ထကြွလုံ့လနှင့် ပြည့်စုံမှု ‘ဥဋ္ဌာနသမ္ပဒါ’၊စောင့်ရှောက်ခြင်းနှင့် ပြည့်စုံမှု ‘အာရက္ခသမ္ပဒါ’၊ မိတ်ဆွေကောင်း ရှိမှု ‘ကလျာဏမိတ္တတာ’၊ မျှတစွာ အသက်မွေးမှု ‘သမဇီဝိတာ’၊ သဒ္ဓါနှင့် ပြည့်စုံမှု ‘သဒ္ဓါသမ္ပဒါ’၊ သီလနှင့် ပြည့်စုံမှု ‘သီလသမ္ပဒါ’၊ စွန့်ကြဲခြင်းနှင့် ပြည့်စုံမှု ‘စာဂသမ္ပဒါ’၊ ပညာနှင့် ပြည့်စုံမှု ‘ပညာသမ္ပဒါ’တို့တည်း။

ရဟန်းတို့ ထိုထကြွလုံ့လနှင့် ပြည့်စုံမှုဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အမျိုး ကောင်းသားသည် အသက်မွေးကြောင်းအလုပ်ဖြစ်သော လယ်လုပ်ခြင်းဖြင့်ဖြစ်စေ ကုန်သွယ်ခြင်းဖြင့်ဖြစ်စေ နွားကျောင်းခြင်းဖြင့်ဖြစ်စေ လေးသမားအတတ်ဖြင့်ဖြစ်စေ မင်းလုလင်အလုပ်ဖြင့်ဖြစ်စေ အခြားအတတ်ပညာ တစ်မျိုးမျိုးဖြင့်ဖြစ်စေ အသက်မွေးမှုပြု၏၊ ထိုအလုပ်၌ ကျွမ်းကျင်၏၊ ပျင်းရိမှုမရှိ၊ (ထိုအလုပ်၌) အကြောင်းကို စုံစမ်းတတ်သော ပညာနှင့် ပြည့်စုံ၏၊ ပြုလုပ်ရန်လည်း စွမ်းနိုင်၏၊ စီမံရန်လည်း စွမ်းနိုင်၏၊ ရဟန်းတို့ ဤသည်ကို ထကြွ လုံ့လနှင့် ပြည့်စုံမှု ‘ဥဋ္ဌာနသမ္ပဒါ’ဟူ၍ ဆိုအပ်၏။ ရဟန်းတို့စောင့်ရှောက်ခြင်းနှင့် ပြည့်စုံမှုဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အမျိုး ကောင်းသားအား ထကြွလုံ့လကြောင့် ရအပ်ကုန်သော လက်ရုံးအားကိုး ဆည်းပူးအပ်ကုန်သော ချွေးဒီးဒီး ကျ ပြုအပ်ကုန်သော တရားနှင့် လျော်ကုန်သော တရားသဖြင့် ရအပ်ကုန်သော စည်းစိမ် (ဥစ္စာ)တို့သည် ရှိကုန်၏၊ ထိုစည်းစိမ် (ဥစ္စာ)တို့ကို “အဘယ်သို့လျှင် ငါ၏ ဤစည်းစိမ်ဥစ္စာတို့ကို မင်း ‘အစိုးရ’တို့မဆောင်ယူကုန်ရာသနည်း၊ ခိုးသူတို့ မဆောင်ယူနိုင်ကုန်ရာသနည်း၊ မီးမလောင်နိုင်ရာသနည်း၊ ရေမမျော နိုင်ရာသနည်း၊ မချစ်မနှစ်သက်သူ အမွေခံဆိုးတို့ မဆောင်ယူနိုင်ကုန်ရာသနည်း”ဟုစောင့်ရှောက်ခြင်း လုံခြုံစေခြင်းနှင့် ပြည့်စုံစေ၏။ ရဟန်းတို့ ဤသည်ကိုစောင့်ရှောက်ခြင်းနှင့် ပြည့်စုံမှု ‘အာရက္ခသမ္ပဒါ’ဟု ဆိုအပ်၏။ ရဟန်းတို့ မိတ်ဆွေကောင်းရှိမှုဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အမျိုးကောင်းသား သည် အကြင်ရွာ၌ဖြစ်စေ နိဂုံး၌ဖြစ်စေ နေ၏၊ ထိုရွာ နိဂုံး၌ရှိသော ငယ်သော်လည်း ကြီးမြင့်သော ကိုယ်ကျင့်ရှိကုန် ကြီး၍လည်း ကြီးမြင့်သော ကိုယ်ကျင့်ရှိကုန် သဒ္ဓါတရားနှင့် ပြည့်စုံကုန် သီလနှင့် ပြည့်စုံ ကုန် စွန့်ကြဲခြင်းနှင့် ပြည့်စုံကုန် ပညာနှင့် ပြည့်စုံကုန်သော သူကြွယ်တို့နှင့်ဖြစ်စေ သူကြွယ်သားတို့နှင့်ဖြစ်စေ အတူနေ၏၊ အတူ ပြောဆို၏၊ အတူဆွေးနွေး၏၊ ယင်းသဒ္ဓါတရားနှင့် ပြည့်စုံသူတို့၏ သဒ္ဓါ တရားနှင့် ပြည့်စုံမှုကို အတုလိုက်၍ ကျင့်၏၊ ယင်းသီလနှင့် ပြည့်စုံသူတို့၏ သီလနှင့် ပြည့်စုံမှုကို အတု လိုက်၍ ကျင့်၏၊ ယင်းစွန့်ကြဲခြင်းနှင့် ပြည့်စုံသူတို့၏ စွန့်ကြဲခြင်းနှင့် ပြည့်စုံမှုကို အတုလိုက်၍ ကျင့်၏၊ ယင်းပညာနှင့် ပြည့်စုံသူတို့၏ ပညာနှင့် ပြည့်စုံမှုကို အတုလိုက်၍ ကျင့်၏။ ရဟန်းတို့ ဤသည်ကို မိတ်ဆွေကောင်းရှိမှု ‘ကလျာဏမိတ္တတာ’ဟု ဆိုအပ်၏။ ရဟန်းတို့ မျှတစွာ အသက်မွေးမှုဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အမျိုး ကောင်းသားသည် စည်းစိမ် (ဥစ္စာ)တို့၏ တိုးပွါးမှု (ဝင်ငွေ) ကိုလည်းကောင်း၊ ဆုတ်ယုတ်မှု (ထွက်ငွေ) ကို လည်းကောင်း သိ၍ “ဤသို့သုံးစွဲသော် ငါ၏ တိုးပွါးမှု (ဝင်ငွေ) သည် ဆုတ်ယုတ်မှု (ထွက်ငွေ) ထက် များ လိမ့်မည်၊ ငါ၏ ဆုတ်ယုတ်မှု (ထွက်ငွေ) သည် တိုးပွါးမှု (ဝင်ငွေ) ထက် များလိမ့်မည် မဟုတ်”ဟု မများ လွန်း မနည်းလွန်း မျှတစွာ အသက်မွေးမှုကို ပြု၏။ ရဟန်းတို့ ဥပမာသော်ကား ရာဇူကိုင်သမားသည် လည်းကောင်း၊ ရာဇူကိုင်၏တပည့်သည်လည်းကောင်း ရာဇူ (ချိန်ခွင်) ကို မြှောက်၍ “ဤမျှလောက် အောက် သို့ နိမ့်၏၊ ဤမျှလောက် အထက်သို့ မြင့်၏”ဟု သိသကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် အမျိုး ကောင်းသားသည် စည်းစိမ် (ဥစ္စာ)တို့၏ တိုးပွါးမှု (ဝင်ငွေ) ကိုလည်းကောင်း၊ ဆုတ်ယုတ်မှု (ထွက်ငွေ) ကို လည်းကောင်း သိ၍ “ဤသို့ သုံးစွဲသော် ငါ၏ တိုးပွါးမှု (ဝင်ငွေ) သည် ဆုတ်ယုတ်မှု (ထွက်ငွေ) ထက် များလိမ့်မည်၊ ငါ၏ ဆုတ်ယုတ်မှု (ထွက်ငွေ) သည် တိုးပွါးမှု (ဝင်ငွေ) ထက် များလိမ့်မည် မဟုတ်”ဟု မများလွန်း မနည်းလွန်း မျှတစွာ အသက်မွေးမှုကို ပြု၏။ ရဟန်းတို့ ဤအမျိုးကောင်းသားသည် တိုးပွါးမှု (ဝင်ငွေ) နည်းသည် ဖြစ်ပါလျက် အထက်တန်း ကျသော အသက်မွေးခြင်းကို အကယ်၍ ပြုပါမူ ထိုသူအား “ဤအမျိုးကောင်းသားသည် သဖန်းသီးကို စားသူကဲ့သို့ စည်းစိမ် (ဥစ္စာ)တို့ကို သုံးဆောင်စားသောက်၏”ဟု ဆိုဖွယ်ရာတို့ ဖြစ်ကုန်၏၊ ရဟန်းတို့ ဤအမျိုးကောင်းသားသည် တိုးပွါးမှု (ဝင်ငွေ) များသည် ဖြစ်လျက် ငြိုငြင်ဆင်းရဲသော အသက်မွေးခြင်းကို အကယ်၍ ပြုပါမူ ထိုသူအား “အကြီးအကဲမရှိသော (အားထားရာမဲ့) သေခြင်းကဲ့သို့ သေရလိမ့်မည်”ဟု ဆိုဖွယ်ရာတို့ ဖြစ်ကုန်၏၊ ရဟန်းတို့ အမျိုးကောင်းသားသည် စည်းစိမ်ဥစ္စာတို့၏ တိုးပွါးမှု (ဝင်ငွေ) ကို လည်းကောင်း၊ ဆုတ်ယုတ်မှု (ထွက်ငွေ) ကိုလည်းကောင်း သိ၍ “ဤသို့ သုံးစွဲသော် ငါ၏ တိုးပွါးမှု (ဝင်ငွေ) သည် ဆုတ်ယုတ်မှု (ထွက်ငွေ) ထက်များလိမ့်မည်၊ ငါ၏ ဆုတ်ယုတ်မှု (ထွက်ငွေ) သည် တိုးပွါးမှု (ဝင်ငွေ) ထက် များလိမ့်မည်မဟုတ်”ဟု မများလွန်း မနည်းလွန်း မျှတစွာ အသက်မွေးမှုကို ပြု၏။ ရဟန်းတို့ ဤသည်ကို မျှတစွာ အသက်မွေးမှု ‘သမဇီဝိတာ’ဟု ဆိုအပ်၏။ ရဟန်းတို့ သဒ္ဓါတရားနှင့် ပြည့်စုံမှုဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အမျိုး ကောင်းသားသည် သဒ္ဓါတရားရှိ၏၊ မြတ်စွာဘုရား၏ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို ယုံကြည်၏၊ “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္ထာဒေဝမနုဿာနံ မည်တော့်မူ၏၊ (သစ္စာလေးပါးကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီး တော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏”ဟု ယုံကြည်၏။ ရဟန်းတို့ ဤသည်ကို သဒ္ဓါတရားနှင့် ပြည့်စုံမှု ‘သဒ္ဓါသမ္ပဒါ’ဟု ဆိုအပ်၏။ ရဟန်းတို့ သီလနှင့်ပြည့်စုံမှုဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အမျိုးကောင်းသား သည် သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏။ပ။ ယစ်မူးမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက်သောက်ခြင်းမှ ရှောင်ကြဉ်၏။ ရဟန်းတို့ ဤသည်ကို သီလနှင့်ပြည့်စုံမှု ‘သီလသမ္ပဒါ’ဟု ဆိုအပ်၏။ ရဟန်းတို့ စွန့်ကြဲခြင်းနှင့်ပြည့်စုံမှုဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အမျိုးကောင်း သားသည်။ပ။ တောင်းခံခြင်းငှါ ထိုက်သူ ပေးကမ်း ဝေဖန်ခြင်း၌ မွေ့လျော်သူဖြစ်၍ မစ္ဆရိယတည်းဟူသော အညစ်အကြေးကင်းသော စိတ်ဖြင့် အိမ်ကို စိုးအုပ်လျက် နေ၏။ ရဟန်းတို့ ဤသည်ကို စွန့်ကြဲခြင်းနှင့် ပြည့်စုံမှု ‘စာဂသမ္ပဒါ’ဟု ဆိုအပ်၏။ ရဟန်းတို့ ပညာနှင့်ပြည့်စုံမှုဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အမျိုးကောင်းသား သည် ပညာရှိ၏။ပ။ ဝဋ်ဆင်းရဲကုန်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော မြတ်သောပညာနှင့် ကောင်းစွာ ပြည့်စုံ၏။ ရဟန်းတို့ ဤသည်ကို ပညာနှင့်ပြည့်စုံမှု ‘ပညာသမ္ပဒါ’ဟု ဆိုအပ်၏။ ရဟန်းတို့ ပြည့်စုံမှု ‘သမ္ပဒါ’တို့သည် ဤရှစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

အလုပ်လုပ်ရာဌာနတို့၌ ထကြွလုံ့လရှိလျက် မမေ့မလျော့မူ၍ အထူးစီမံခြင်းနှင့် ပြည့်စုံသော ယောကျာ်းသည် မျှတစွာ အသက်မွေးမှုကိုပြု၏၊ ဆည်းပူးအပ်ပြီးသော (ဥစ္စာ) ကို အစဉ်စောင့်ရှောက်၏။ သဒ္ဓါတရားရှိ၏၊ သီလနှင့်ပြည့်စုံ၏၊ တောင်းခံသူတို့၏ စကားကို သိတတ်၏၊ မစ္ဆရိယကင်း၏၊ တမလွန်ဘဝ၌ ချမ်းသာကြောင်းဖြစ်သော (ကုသိုလ်) လမ်းကို အမြဲ သုတ်သင်၏။ ဤသို့လျှင် ဤတရားရှစ်မျိုးတို့သည် အိမ်ထောင်ဝတ်ကို ရှာမှီးလေ့ရှိသော သဒ္ဓါ တရားနှင့် ပြည့်စုံသူအား မျက်မှောက်ဘဝ၌ အစီးအပွါး အလို့ငှါလည်းကောင်း၊ တမလွန်ဘဝ၌ ချမ်းသာခြင်းငှါလည်းကောင်း နှစ်ပါးစုံသော ဘဝ၌ ချမ်းသာကို ဆောင်တတ်ကုန်၏ဟူ၍ အမည်မှန်ရှိသော မြတ်စွာဘုရားသည် ဟောကြားတော်မူ အပ်၏။ ဤသို့လျှင် လူဖြစ်သော သူတို့အား စွန့်ကြဲမှု ‘စာဂ’ ထိုမှ ကြွင်းသော ကောင်းမှုကုသိုလ်သည် တိုးပွါး၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။