အင်္ဂုတ္တရနိကာယ်

(၈) ၃-ယမကဝဂ်

၇-ဣစ္ဆာသုတ်

၇၇။ ထိုအခါ အသျှင်သာရိပုတြာသည် ရဟန်းတို့အား “ငါ့သျှင် ရဟန်းတို့”ဟု ခေါ်တော်မူ၏၊ “ငါ့သျှင်”ဟု ထိုရဟန်းတို့သည် အသျှင်သာရိပုတြာအား ပြန်ကြား လျှောက်ထားကုန်၏။ အသျှင် သာရိပုတြာသည် ဤစကားကို မိန့်တော်မူ၏—

ငါ့သျှင်တို့ လောက၌ ဤပုဂ္ဂိုလ်ရှစ်မျိုးတို့သည် ထင်ရှားရှိကုန်၏၊ အဘယ်ရှစ်မျိုးတို့နည်းဟူမူ— ငါ့သျှင်တို့ ဤလောက၌ (ကာယဝိဝေကဖြင့် အပေါင်းအဖော်မှ) ကင်းဆိတ်လျက် (တစ်စုံတစ်ခုနှင့်မျှ) မဆက်စပ်မူ၍ နေသော (ယောဂီ) ရဟန်းအား (ပစ္စည်းလေးပါး) လာဘ်ရခြင်းငှါ အလိုဖြစ်ပေါ်လာ၏၊ ထိုရဟန်းသည် (ပစ္စည်းလေးပါး) လာဘ်ရခြင်းငှါ အားထုတ်၏၊စေ့ဆော်၏၊ လုံ့လစိုက်၏၊ လာဘ်ရခြင်းငှါ အားထုတ်စေ့ဆော် လုံ့လစိုက်သော ထိုရဟန်းအား လာဘ်ရခြင်းသည် မဖြစ်။ ထိုရဟန်းသည် ထိုလာဘ် မရခြင်းကြောင့် စိုးရိမ်ရ၏၊ ပင်ပန်းရ၏၊ ငိုကြွေးရ၏၊ ရင်တီး လက်ခတ်မြည်တမ်းရ၏၊ ပြင်းစွာ တွေဝေခြင်းသို့ ရောက်ရ၏၊ ငါ့သျှင်တို့ ဤရဟန်းကို လာဘ်ရခြင်းငှါ အလိုရှိ၍နေသူ၊ လာဘ်ရခြင်းငှါ အားထုတ်သူ၊စေ့ဆော်သူ၊ လုံ့လစိုက်သူ၊ လာဘ်ရခြင်းလည်း မရှိသူ၊ စိုးရိမ်လည်း စိုးရိမ်ရသူ၊ ငိုကြွေး လည်း ငိုကြွေးရသူ၊ သူတော်ကောင်းတရားမှလည်း ရွေ့လျောရသူဟု ဆိုအပ်၏။ ငါ့သျှင်တို့ ဤလောက၌ (ကာယဝိဝေကဖြင့် အပေါင်းအဖော်မှ) ကင်းဆိတ်လျက် (တစ်စုံတစ်ခုနှင့်မျှ) မဆက်စပ်မူ၍ နေသော (ယောဂီ) ရဟန်းအား (ပစ္စည်းလေးပါး) လာဘ်ရခြင်းငှါ အလိုဖြစ်ပေါ်လာ၏၊ ထိုရဟန်းသည် (ပစ္စည်းလေးပါး) လာဘ်ရခြင်းငှါ အားထုတ်၏၊စေ့ဆော်၏၊ လုံ့လစိုက်၏၊ လာဘ်ရခြင်းငှါ အားထုတ်စေ့ဆော် လုံ့လစိုက်သော ထိုရဟန်းအား လာဘ်ရခြင်းသည် ဖြစ်၏၊ ထိုရဟန်းသည် ထို(ပစ္စည်းလေးပါး) လာဘ်ရခြင်းကြောင့် ယစ်မူး၏၊ အလွန်ယစ်မူး၏၊ မေ့လျော့ခြင်းသို့ ရောက်၏။ ငါ့သျှင်တို့ ဤရဟန်းကို လာဘ်ရခြင်းငှါ အလိုရှိ၍နေသူ၊ လာဘ်ရခြင်းငှါ အားထုတ်သူ၊စေ့ဆော်သူ၊ လုံ့လ စိုက်သူ၊ လာဘ်လည်းရသူ၊ ယစ်မူးလည်း ယစ်မူးသူ၊ မေ့လျော့လည်း မေ့လျော့သူ၊ သူတော်ကောင်း တရားမှလည်း ရွေ့လျောရသူဟု ဆိုအပ်၏။ ငါ့သျှင်တို့ ဤလောက၌ (ကာယဝိဝေကဖြင့် အပေါင်းအဖော်မှ) ကင်းဆိတ်လျက် (တစ်စုံတစ်ခုနှင့်မျှ) မဆက်စပ်မူ၍ နေသော (ယောဂီ) ရဟန်းအား (ပစ္စည်းလေးပါး) လာဘ်ရခြင်းငှါ အလိုဖြစ်ပေါ်လာ၏၊ ထိုရဟန်းသည် (ပစ္စည်းလေးပါး) လာဘ်ရခြင်းငှါ အားမထုတ်၊ မစေ့ဆော်၊ လုံ့လမစိုက်၊ လာဘ်ရခြင်းငှါ အားမထုတ် မစေ့ဆော် လုံ့လမစိုက်သော ထိုရဟန်းအား လာဘ်ရခြင်းသည် မဖြစ်၊ ထိုရဟန်းသည် ထိုလာဘ်မရခြင်းကြောင့် စိုးရိမ်ရ၏၊ ပင်ပန်းရ၏၊ ငိုကြွေးရ၏၊ ရင်တီး လက်ခတ်မြည်တမ်းရ၏၊ ပြင်းစွာ တွေဝေခြင်းသို့ ရောက်ရ၏၊ ငါ့သျှင်တို့ ဤရဟန်းကို လာဘ်ရခြင်းငှါ အလိုရှိ၍နေသူ၊ လာဘ်ရခြင်းငှါ အားမထုတ်သူ၊ မစေ့ဆော်သူ၊ လုံ့လမစိုက်သူ၊ လာဘ်လည်း မရသူ၊ စိုးရိမ်လည်း စိုးရိမ်ရသူ၊ ငိုကြွေး လည်း ငိုကြွေးရသူ၊ သူတော်ကောင်းတရားမှလည်း ရွေ့လျောရသူဟု ဆိုအပ်၏။ ငါ့သျှင်တို့ ဤလောက၌ (ကာယဝိဝေကဖြင့် အပေါင်းအဖော်မှ) ကင်းဆိတ်လျက် (တစ်စုံတစ်ခုနှင့်မျှ) မဆက်စပ်မူ၍ နေသော (ယောဂီ) ရဟန်းအား (ပစ္စည်းလေးပါး) လာဘ်ရခြင်းငှါ အလိုဖြစ်ပေါ်လာ၏၊ ထိုရဟန်းသည် (ပစ္စည်းလေးပါး) လာဘ်ရခြင်းငှါ အားမထုတ်၊ မစေ့ဆော်၊ လုံ့လမစိုက်၊ လာဘ်ရခြင်းငှါ အားမထုတ် မစေ့ဆော် လုံ့လမစိုက်သော ထိုရဟန်းအား လာဘ်ရခြင်းသည် ဖြစ်၏။ ထိုရဟန်းသည် ထိုလာဘ်ရခြင်းကြောင့် ယစ်မူး၏၊ အလွန်ယစ်မူး၏၊ မေ့လျော့ခြင်းသို့ ရောက်၏။ ငါ့သျှင်တို့ ဤရဟန်းကို လာဘ်ရခြင်းငှါ အလိုရှိ၍နေသူ၊ လာဘ်ရခြင်းငှါ အားမထုတ်သူ၊ မစေ့ဆော်သူ၊ လုံ့လမစိုက်သူ၊ လာဘ်လည်း ရသူ၊ ယစ်မူးလည်း ယစ်မူးသူ၊ မေ့လျော့လည်း မေ့လျော့သူ၊ သူတော်ကောင်းတရားမှလည်း ရွေ့လျော ရသူဟု ဆိုအပ်၏။ ငါ့သျှင်တို့ ဤလောက၌ (ကာယဝိဝေကဖြင့် အပေါင်းအဖော်မှ) ကင်းဆိတ်လျက် (တစ်စုံတစ်ခုနှင့်မျှ) မဆက်စပ်မူ၍ နေသော (ယောဂီ) ရဟန်းအား (ပစ္စည်းလေးပါး) လာဘ်ရခြင်းငှါ အလိုဖြစ်ပေါ်လာ၏၊ ထိုရဟန်းသည် (ပစ္စည်းလေးပါး) လာဘ်ရခြင်းငှါ အားထုတ်၏၊စေ့ဆော်၏၊ လုံ့လစိုက်၏၊ လာဘ်ရခြင်းငှါ အားထုတ်စေ့ဆော် လုံ့လစိုက်သော ထိုရဟန်းအား လာဘ်ရခြင်းသည် မဖြစ်၊ ထိုရဟန်းသည် ထိုလာဘ်ကို မရခြင်းကြောင့် မစိုးရိမ်၊ မပင်ပန်း၊ မငိုကြွေး၊ ရင်တီး လက်ခတ် မမြည်တမ်း၊ ပြင်းစွာ တွေဝေခြင်းသို့ မရောက်။ ငါ့သျှင်တို့ ဤရဟန်းကို လာဘ်ရခြင်းငှါ အလိုရှိ၍နေသူ၊ လာဘ်ရခြင်းငှါ အားထုတ်သူ၊စေ့ဆော်သူ၊ လုံ့လစိုက်သူ၊ လာဘ်ကိုလည်း မရသူ၊ စိုးရိမ်လည်း မစိုးရိမ်ရသူ၊ ငိုကြွေးလည်း မငိုကြွေး ရသူ၊ သူတော်ကောင်းတရားမှလည်း မရွေ့လျောရသူဟု ဆိုအပ်၏။ ငါ့သျှင်တို့ ဤလောက၌ (ကာယဝိဝေကဖြင့် အပေါင်းအဖော်မှ) ကင်းဆိတ်လျက် (တစ်စုံတစ်ခုနှင့်မျှ) မဆက်စပ်မူ၍ နေသော (ယောဂီ) ရဟန်းအား (ပစ္စည်းလေးပါး) လာဘ်ရခြင်းငှါ အလိုဖြစ်ပေါ်လာ၏၊ ထိုရဟန်းသည် (ပစ္စည်းလေးပါး) လာဘ်ရခြင်းငှါ အားထုတ်၏၊စေ့ဆော်၏၊ လုံ့လစိုက်၏၊ လာဘ်ရခြင်းငှါ အားထုတ်စေ့ဆော် လုံ့လစိုက်သော ထိုရဟန်းအား လာဘ်ရခြင်းသည် ဖြစ်၏၊ ထိုရဟန်းသည် ထိုလာဘ် ရခြင်းကြောင့် မယစ်မူး၊ အလွန်မယစ်မူး၊ မေ့လျော့ခြင်းသို့ မရောက်။ ငါ့သျှင်တို့ ဤရဟန်းကို လာဘ် ရခြင်းငှါ အလိုရှိ၍နေသူ၊ လာဘ်ရခြင်းငှါ အားထုတ်သူ၊စေ့ဆော်သူ၊ လုံ့လစိုက်သူ၊ လာဘ်လည်းရသူ၊ ယစ်မူးလည်း မယစ်မူးသူ၊ မေ့လျော့လည်း မမေ့လျော့သူ၊ သူတော်ကောင်းတရားမှလည်း မရွေ့လျော ရသူဟု ဆိုအပ်၏။ ငါ့သျှင်တို့ ဤလောက၌ (ကာယဝိဝေကဖြင့် အပေါင်းအဖော်မှ) ကင်းဆိတ်လျက် (တစ်စုံတစ်ခုနှင့်မျှ) မဆက်စပ်မူ၍ နေသော (ယောဂီ) ရဟန်းအား (ပစ္စည်းလေးပါး) လာဘ်ရခြင်းငှါ အလိုဖြစ်ပေါ်လာ၏၊ ထိုရဟန်းသည် (ပစ္စည်းလေးပါး) လာဘ်ရခြင်းငှါ အားမထုတ်၊ မစေ့ဆော်၊ လုံ့လမစိုက်၊ လာဘ်ရခြင်းငှါ အားမထုတ် မစေ့ဆော် လုံ့လမစိုက်သော ထိုရဟန်းအား လာဘ်ရခြင်းသည် မဖြစ်၊ ထိုရဟန်းသည် ထိုလာဘ်မရခြင်းကြောင့် မစိုးရိမ်၊ မပင်ပန်း၊ မငိုကြွေး၊ ရင်တီး လက်ခတ် မမြည်တမ်း၊ ပြင်းစွာ တွေဝေခြင်းသို့ မရောက်။ ငါ့သျှင်တို့ ဤရဟန်းကို လာဘ်ရခြင်းငှါ အလိုရှိ၍ နေသူ၊ လာဘ်ရခြင်းငှါ အားမထုတ်သူ၊ မစေ့ဆော်သူ၊ လုံ့လမစိုက်သူ၊ လာဘ်လည်း မရသူ၊ စိုးရိမ်လည်း မစိုးရိမ်ရသူ၊ ငိုကြွေးလည်း မငိုကြွေးရသူ၊ သူတော်ကောင်း တရားမှလည်း မရွေ့လျောရသူဟု ဆိုအပ်၏။ ငါ့သျှင်တို့ ဤလောက၌ (ကာယဝိဝေကဖြင့် အပေါင်းအဖော်မှ) ကင်းဆိတ်လျက် (တစ်စုံတစ်ခုနှင့်မျှ) မဆက်စပ်မူ၍ နေသော (ယောဂီ) ရဟန်းအား (ပစ္စည်းလေးပါး) လာဘ်ရခြင်းငှါ အလိုဖြစ်ပေါ်လာ၏၊ ထိုရဟန်းသည် (ပစ္စည်းလေးပါး) လာဘ်ရခြင်းငှါ အားမထုတ်၊ မစေ့ဆော်၊ လုံ့လမစိုက်၊ လာဘ်ရခြင်းငှါ အားမထုတ် မစေ့ဆော် လုံ့လမစိုက်သော ထိုရဟန်းအား လာဘ်ရခြင်းသည် ဖြစ်၏၊ ထိုရဟန်းသည် ထိုလာဘ်ရခြင်းကြောင့် မယစ်မူး၊ အလွန်မယစ်မူး၊ မေ့လျော့ခြင်းသို့ မရောက်။ ငါ့သျှင်တို့ ဤရဟန်းကို လာဘ်ရခြင်းငှါ အလိုရှိ၍နေသူ၊ လာဘ်ရခြင်းငှါ အားမထုတ်သူ၊ မစေ့ဆော်သူ၊ လုံ့လမစိုက်သူ၊ လာဘ် လည်းရသူ၊ ယစ်မူးလည်း မယစ်မူးသူ၊ မေ့လျော့လည်း မမေ့လျော့သူ၊ သူတော်ကောင်းတရားမှလည်း မရွေ့လျောရသူဟု ဆိုအပ်၏။ ငါ့သျှင်တို့ လောက၌ ဤပုဂ္ဂိုလ်ရှစ်မျိုးတို့သည် ထင်ရှားရှိကုန်၏ဟု (မိန့်ဆို၏)။

သတ္တမသုတ်။