အင်္ဂုတ္တရနိကာယ်
(၉) ၄-သတိဝဂ်
၅-သမဏသုတ်
၈၅။ ရဟန်းတို့ “သမဏ” ‘ငြိမ်းအေးသူ’ဟူသော ဤအမည်သည် ပူဇော်အထူးကို ခံထိုက်သော မဖောက် မပြန် ကိုယ်တိုင်သိသော မြတ်စွာဘုရား၏ အမည်တည်း။
ရဟန်းတို့ “ဗြာဟ္မဏ” ‘မကောင်းမှုမျှောပြီးသူ’ဟူသော ဤအမည်သည် ပူဇော်အထူးကို ခံထိုက်သော မဖောက်မပြန် ကိုယ်တိုင်သိသော မြတ်စွာဘုရား၏ အမည်တည်း။
ရဟန်းတို့ “ဝေဒဂူ” ‘အသိဉာဏ်သို့ ရောက်သူ’ဟူသော ဤအမည်သည် ပူဇော်အထူးကို ခံထိုက်သော မဖောက်မပြန် ကိုယ်တိုင်သိသော မြတ်စွာဘုရား၏ အမည်တည်း။
ရဟန်းတို့ “ဘိသက္က” ‘သမားတော်’ဟူသော ဤအမည်သည် ပူဇော်အထူးကို ခံထိုက်သော မဖောက်မပြန် ကိုယ်တိုင်သိသော မြတ်စွာဘုရား၏ အမည်တည်း။
ရဟန်းတို့ “နိမ္မလ” ‘အညစ်အကြေးမရှိသူ’ဟူသော ဤအမည်သည် ပူဇော်အထူးကို ခံထိုက်သော မဖောက်မပြန် ကိုယ်တိုင်သိသော မြတ်စွာဘုရား၏ အမည်တည်း။
ရဟန်းတို့ “ဝိမလ” ‘အညစ်အကြေးကင်းသူ’ဟူသော ဤအမည်သည် ပူဇော်အထူးကို ခံထိုက်သော မဖောက်မပြန် ကိုယ်တိုင်သိသော မြတ်စွာဘုရား၏ အမည်တည်း။
ရဟန်းတို့ “ဉာဏီ” ‘ဉာဏ်ရှိသူ’ဟူသော ဤအမည်သည် ပူဇော်အထူးကို ခံထိုက်သော မဖောက် မပြန် ကိုယ်တိုင်သိသော မြတ်စွာဘုရား၏ အမည်တည်း။
ရဟန်းတို့ “ဝိမုတ္တ” ‘လွတ်မြောက်သူ’ဟူသော ဤအမည်သည် ပူဇော်အထူးကို ခံထိုက်သော မဖောက် မပြန် ကိုယ်တိုင်သိသော မြတ်စွာဘုရား၏ အမည်တည်းဟု (မိန့်တော်မူ၏)။
အကြင်ဂုဏ်ကျေးဇူးအပေါင်းသို့ ငြိမ်းအေးပြီးသော မြတ်စွာဘုရားသည် ရောက် အပ်၏၊ (မြတ်သောအကျင့်ကို) ကျင့်သုံးပြီးဖြစ်၍ မကောင်းမှုကို မျှောပြီးသော မြတ်စွာဘုရားသည် ရောက်အပ်၏၊ အကြင်ဂုဏ်ကျေးဇူးအပေါင်းသို့ အသိဉာဏ်သို့ ရောက်ပြီးသော မြတ်စွာဘုရားသည် ရောက်အပ်၏၊ သမားတော် ဘိသက္ကမည်သော မြတ်စွာဘုရားသည် အတုမဲ့ဂုဏ်သို့ ရောက်အပ်၏။ အကြင်ဂုဏ်ကျေးဇူးအပေါင်းသို့ အညစ်အကြေးကင်းသော မြတ်စွာဘုရားသည် ရောက်အပ်၏၊ စင်ကြယ်သူဖြစ်သော အညစ်အကြေးမရှိသော မြတ်စွာဘုရားသည် ရောက်အပ်၏၊ အကြင်ဂုဏ်ကျေးဇူးအပေါင်းသို့ ဉာဏ်ရှိသော မြတ်စွာဘုရားသည် ရောက်အပ်၏၊ လွတ်မြောက်သော မြတ်စွာဘုရားသည် အတုမဲ့ဂုဏ်သို့ ရောက် အပ်၏။ ထိုဂုဏ်ကျေးဇူးအပေါင်းသို့ ရောက်ပြီးသော စစ်မြေပြင်ကို အောင်ပြီးသော ထိုငါ သည် အနှောင်အဖွဲ့မှလွတ်၍ (လူအများကိုလည်း) လွတ်စေခဲ့၏၊ (ထိုငါသည်) ကျင့်ပြီးဖြစ်သော (ကိလေသာ) ငြိမ်းအေးပြီးသော အလွန်ယဉ်ကျေးသော ဆင်ပြောင် ကြီးသဖွယ် ဖြစ်ပေ၏။
ပဉ္စမသုတ်။