အင်္ဂုတ္တရနိကာယ်

(၉) ၄-သတိဝဂ်

၄-စောရသုတ်

၈၄။ ရဟန်းတို့ အင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသော ခိုးသူကြီးသည် လျင်စွာ ပျက်စီးရ၏၊ ကြာရှည်စွာ မတည်နိုင်။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ—မရိုက်နှက် မပုတ်ခတ်သင့်သူကို ရိုက်နှက် ပုတ်ခတ်၏၊ အကြွင်းမဲ့ ယူ၏၊ မိန်းမကို သတ်၏၊ သတို့သမီးကို ဖျက်ဆီး၏၊ ရှင်ရဟန်းကို လုယက်၏၊ မင်းဘဏ္ဍာတိုက်ကို လုယက်၏၊ အလွန်နီးရာ၌ ခိုးမှုကို ပြု၏၊ သိုမှီး ‘သိမ်းဆည်း’ မှု၌ မလိမ္မာ။ ရဟန်းတို့ ဤအင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသော ခိုးသူကြီးသည် လျင်စွာ ပျက်စီးရ၏၊ ကြာရှည်စွာ မတည်နိုင်။

ရဟန်းတို့ အင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသော ခိုးသူကြီးသည် လျင်စွာ မပျက်စီး၊ ကြာရှည်စွာ တည် နိုင်၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ—မရိုက်နှက် မပုတ်ခတ်သင့်သူကို မရိုက်နှက် မပုတ်ခတ်၊ အကြွင်းမဲ့ မယူ၊ မိန်းမကို မသတ်၊ သတို့သမီးကို မဖျက်ဆီး၊ ရှင်ရဟန်းကို မလုယက်၊ မင်းဘဏ္ဍာတိုက်ကို မလုယက်၊ အလွန် နီးရာ၌ ခိုးမှုကို မပြု၊ သိုမှီး ‘သိမ်းဆည်း’ မှု၌ လိမ္မာ၏။ ရဟန်းတို့ ဤအင်္ဂါ ရှစ်မျိုးနှင့် ပြည့်စုံသော ခိုးသူကြီးသည် လျင်စွာ မပျက်စီး၊ ကြာရှည်စွာ တည်နိုင်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။