အင်္ဂုတ္တရနိကာယ်
(၉) ၄-သတိဝဂ်
၇-ပတ္တနိကုဇ္ဇနသုတ်
၈၇။ ရဟန်းတို့ အင်္ဂါရှစ်မျိုးတို့နှင့် ပြည့်စုံသော ဥပါသကာအား အလိုရှိလတ်သော် သံဃာသည် သပိတ်မှောက်ရာ၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ—ရဟန်းတို့အား လာဘ်မရစိမ့်သောငှါ အားထုတ်၏၊ ရဟန်းတို့အား အကျိုးမဲ့ဖြစ်စိမ့်သောငှါ အားထုတ်၏၊ ရဟန်းတို့အား နေရာမရစိမ့်သောငှါ အားထုတ်၏၊ ရဟန်းတို့ကို ဆဲရေး၏၊ ရေရွတ်၏၊ (ခြိမ်းခြောက်၏)၊ ရဟန်းအချင်းချင်း ကွဲပြားစေ၏၊ မြတ်စွာဘုရား၏ ဂုဏ် (ကျေးဇူး) မဲ့ကို ဆို၏၊ တရားတော်၏ ဂုဏ် (ကျေးဇူး) မဲ့ကို ဆို၏၊ သံဃာတော်၏ ဂုဏ် (ကျေးဇူး) မဲ့ကို ဆို၏။ ရဟန်းတို့ ဤအင်္ဂါရှစ်မျိုးတို့နှင့် ပြည့်စုံသော ဥပါသကာအား အလိုရှိလတ်သော် သံဃာ သည် သပိတ်မှောက်ရာ၏။
ရဟန်းတို့ အင်္ဂါရှစ်မျိုးတို့နှင့်ပြည့်စုံသော ဥပါသကာအား အလိုရှိလတ်သော် သံဃာသည် သပိတ် လှန်ရာ၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ—ရဟန်းတို့အား လာဘ်မရစိမ့်သောငှါ အားမထုတ်၊ ရဟန်းတို့ အား အကျိုးမဲ့ဖြစ် စိမ့်သောငှါ အားမထုတ်၊ ရဟန်းတို့အား နေရာမရစိမ့်သောငှါ အားမထုတ်၊ ရဟန်းတို့ကို မဆဲရေး၊ မရေရွတ်၊ (မခြိမ်းခြောက်)၊ ရဟန်းအချင်းချင်း မကွဲပြားစေ၊ မြတ်စွာဘုရား၏ ဂုဏ် (ကျေးဇူး) ကို ဆို၏၊ တရားတော်၏ ဂုဏ် (ကျေးဇူး) ကို ဆို၏၊ သံဃာတော်၏ ဂုဏ် (ကျေးဇူး) ကို ဆို၏။ ရဟန်းတို့ ဤအင်္ဂါရှစ်မျိုးတို့နှင့် ပြည့်စုံသော ဥပါသကာအား အလိုရှိလတ်သော် သံဃာသည် သပိတ်လှန်ရာ၏ဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။